ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ် မြတ်လေးချောင်းအုပ်စုမှာရှိတဲ့ ရေတွင်းချောင်ရွာမှာ မတ်လ ၁၇ ရက်နေ့က ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ စစ်မှုထမ်းဖို့ မဲနှိုက်ရွေးချယ်ခံရသူ လူငယ်တစ်ဦး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတယ်လို့ အဲဒီအကြောင်းသိတဲ့ ပုသိမ်မြို့ခံတွေက ပြောပါတယ်။
ရေတွင်းချောင်ရွာမှာ မတ်လ ၁၆ ရက်နေ့က ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းဖို့ လူငယ်သုံးဦး မဲနှိုက်ပြီး အရွေးခံခဲ့ရတာလို့ ဒေသခံတွေက ဆိုပါတယ်။
မဲပေါက်တဲ့လူငယ်သုံးဦးထဲက အသက် ၂၀ အရွယ်တစ်ဦးကတော့ စစ်မှုမထမ်းချင်တာကြောင့် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပုသိမ်မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
"ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်မှာ ၁၆ ရက်နေ့ညနေက မဲနှိုက်တာပါ။ သုံးဦးပါ။ သုံးဦး မဲပေါက်တဲ့အထဲကမှ ဖော်ပြထားတဲ့ရွာက လူငယ်က ၁၇ ရက်နေ့မှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်တယ်။ အဲဒီနေ့မှာပဲ ပုသိမ်ပြည်သူ့ဆေးရုံမှာ အရေးပေါ်ဆေးဝါးကုသမှုခံယူရင်း ၁၇ ရက်နေ့ညနေမှာပဲ ဆုံးပါးသွားတယ်လို့ အစ်ကိုတို့ သိရတယ်။ လက်ရှိတော့ သူ့ရဲ့မိသားစုကို အစ်ကိုတို့ နယ်မြေစခန်းကနေ ခေါ်ယူစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်"
ရေတွင်းချောင်ရွာအနီးမှာ နေထိုင်တဲ့ ဒေသခံတစ်ဦးကလည်း ရွာလူကြီးတွေမဲနှိုက်ပေးလို့ မဲပေါက်သွားတဲ့ ရေတွင်းချောင်းရွာက လူငယ်တစ်ဦး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့တာ မှန်တယ်လို့ RFA ကို ပြောပါတယ်။
ဧရာဝတီတိုင်းမှာ ပြည်သူ့စစ်မှုထမ်းဥပဒေအရ အသက်၂၀ ကနေ ၃၀ အရွယ် လူငယ်အမျိုးသားတွေကို စစ်မှုထမ်းဖို့ဆိုပြီး သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးတွေနဲ့ ရပ်မိရပ်ဖတွေက မဲစနစ်နဲ့ရွေးချယ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
မဲနှိုက်တဲ့အခါမှာလည်း ကျေးရွာနဲ့ ရပ်ကွက်တစ်ခုကို လူငယ်နှစ်ဦးကနေ သုံးဦးအထိ စိစစ်ရွေးချယ်နေတာလို့လည်း ဆိုပါတယ်။
ဧရာဝတီတိုင်းက လူငယ်တွေကတော့ ပြည်ပရန်ကာကွယ်ဖို့ မဟုတ်ဘဲ ပြည်သူအချင်းချင်း တိုက်ခိုက်ရမှာကို မလိုလားတာကြောင့် ဒီအပေါ်မလိုလားကြဘူးလို့ ပြောကြပါတယ်။
ဧရာဝတီတိုင်းက လူငယ်တွေကို စစ်မှုထမ်းဖို့ မဲနှိုက်ခေါ်ယူနေတဲ့အပေါ် အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ ဧရာဝတီတိုင်း ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးခင်မောင်ကြည်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
မြောင်းမြ၊ ဖျာပုံ၊ ကန်ကြီးထောင့်၊ လပွတ္တာ၊ ဟင်္သာတ စတဲ့မြို့နယ်တွေမှာ မတ်လတတိယအပတ်ကစပြီး ဒေသခံ လူငယ်တွေကို မဲနှိုက်ရွေးချယ်မှုတွေ ဆက်တိုက်လုပ်နေတာလို့လည်း ဒေသခံတွေက ပြောပါတယ်။