ဟင်္သာတမှာ စစ်မှုထမ်း အကျုံးဝင်သူတွေ လစဉ်ကြေးပေးနေရ

RFA Burmese
2024.11.16
ဟင်္သာတမှာ စစ်မှုထမ်း အကျုံးဝင်သူတွေ လစဉ်ကြေးပေးနေရ ဟင်္သာတမြို့အား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်မှာ ဩဂုတ်လကစပြီး စစ်မှုထမ်းမလိုက်နိုင်တဲ့ ရပ်ကွက်နဲ့ ရွာတွေမှာ အကျုံးဝင်သူ တစ်ဦးကို လစဉ် ငွေကျပ်နှစ်သောင်း ပေးနေရတယ်လို့ ဟင်္သာတမြို့ခံတွေက RFA ကို နိုဝင်ဘာလ ၁၆ ရက် ဒီနေ့ပြောပါတယ်။

ဟင်္သာတမြို့နယ်မှာ မြို့ပေါ်ရပ်ကွက် ၂၄ ခုနဲ့ ကျေးရွာအုပ်စုပေါင်း ၁၁၄ အုပ်စုရှိပြီး အဲဒီအထဲက စစ်မှုထမ်းမလိုက်နိုင်တဲ့ ကျေးရွာနဲ့ ရပ်ကွက်က အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်းရှိတဲ့ လူငယ်တစ်ဦးကို လစဉ်ကြေး ကျပ်နှစ်သောင်း သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ပေးရတာလို့ လုံခြုံအရ အမည်မဖော်လိုတဲ့ ဟင်္သာတမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“အသက် ၁၈ ကနေ ၃၅ အတွင်းဆို တစ်ယောက်ကို လစဉ်ကြေး နှစ်သောင်းစီ ကောက်တယ်။ ကျွန်တော်လည်း ပေးရတယ်။ ၃၅ အတွင်းထဲမှာ ဆိုတော့လေ။ ဘာကြောင့် ပေးလည်းဆိုတော့ စစ်မှုထမ်းကို မလိုက်ချင်တဲ့ သူတွေက လိုက်မဲ့သူကို ငှားတယ်။ ငှားပြီးတော့ အဲဒီလို လစဉ်ကြေးနဲ့ စုပြီးပေးရတယ်”

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ဧရာဝတီတိုင်း ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးခင်မောင်ကြည်ကို RFA က နိုဝင်ဘာ ၁၆ ရက်နေ့ ဒီနေ့မှာ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

ဟင်္သာတမြို့နယ်မှာ ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်နေ့ကစပြီး ပြည်သူ့စစ်မှုထမ်း ဥပဒေအရ အသက် ၂၀ ကနေ ၃၀ အရွယ် အမျိုးသားတွေကို စစ်သင်တန်းတက်ရောက်ဖို့ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေ၊ ရပ်မိရပ်ဖတွေက ဦးဆောင်ပြီး မဲနှိုက်ရွေးချယ်မှု လုပ်ခဲ့ပါတယ်။

ဒီလို မဲနှိုက်တဲ့အခါမှာ ဥပဒေနဲ့ အကျုံးဝင်သူတိုင်း မပါတာကြောင့် ကန့်ကွက်မှုတွေလည်းရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဟင်္ဿာတမြို့နယ်အပြင် ဧရာဝတီတိုင်းက မြို့နယ်တချို့မှာလည်း စစ်မှုထမ်းအတွက် ငွေကြေးကောက်ခံမှုတွေ ရှိနေပါတယ်။

နိုင်ငံတစ်ဝန်းက စစ်သင်တန်းကျောင်း ၂၃ ကျောင်းမှာ စစ်ကောင်စီရဲ့ စစ်မှုထမ်း အမှတ်စဉ် (၁) ကနေ (၅) အထိ စစ်သားစုဆောင်းခံရသူ နှစ်သောင်းကျော် (၂၁၀၀၀) ထက်မနည်း ရှိတယ်လို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ဗမာ့ရေးရာနဲ့ ပဋိပက္ခလေ့လာရေးအဖွဲ့ (BACS) က အောက်တိုဘာ ၁၉ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။