မာန်အောင်မှာ ပြည်သူ့စစ်သင်တန်း အတင်းအဓမ္မတက်ခိုင်းနေ
2024.05.03

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်အတွင်းက ကျေးရွာတွေမှာ စစ်ကောင်စီက ပြည်သူ့စစ်သင်တန်း အတင်းအဓမ္မတက်ခိုင်းနေတာကြောင့် လူငယ်တွေ ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက RFA ကို ဒီကနေ့ ပြောပါတယ်။
မာန်အောင်မြို့နယ်မှာ ရွာအုပ်စု ၃၆ စု၊ ရွာပေါင်း ၁၄၀ ကျော်ရှိပါတယ်။ အဲဒီအထဲက ကျေးရွာအုပ်စုတစ်ခုကို လူသုံးဆယ်ကနေ တစ်ရာလောက်အထိ ပြည်သူ့စစ်သင်တန်း တက်ခိုင်းနေတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ပြည်သူ့စစ်သင်တန်းတက်ဖို့ ပြီးခဲ့တဲ့လကစလို့ စစ်ကောင်စီတပ်က အတင်းအဓမ္မ လုပ်လာတာပါ။ ပထမဆုံးတော့ အုပ်ချုပ်ရေးမှူးတွေကိုခေါ်ပြီး သင်တန်းသား စုခိုင်းတာပေါ့။ အဲဒီလို စုလို့မရတော့ သူတို့ကိုယ်တိုင် လာပြီးပြောတာပေါ့။ ကျေးရွာအုပ်စုတစ်ခုက အနည်းဆုံး လူသုံးဆယ်တောင်းတာရှိတယ်။ တစ်ရာလောက်အထိ တောင်းတာလည်းရှိတယ်။ မပေးလို့ မရဘူးတဲ့။ လူငယ်တွေကတော့ စစ်သင်တန်း တက်ရမှာကြောက်လို့ ဟိုပြေးဒီပြေး ထွက်ပြေးနေကြတယ်”
မာန်အောင်မြို့နယ်မှာ ပြီးခဲ့တဲ့ ဧပြီလ ၁၈ ရက်နေ့က စစ်သင်တန်းတက်ဖို့ ကန့်ကွက်ခဲ့တဲ့ သစ်ပုံရွာက အိမ်ခြေ နှစ်ရာလောက်ကို မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ကင်းမှုံတောင် စစ်ကောင်စီတပ်စခန်းက ဗိုလ်မှူး ပြည့်ဖြိုးမောင် ဦးဆောင်တဲ့အဖွဲ့က ပြောင်းရွှေ့ခိုင်းခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုထားပါတယ်။
အခုလို မာန်အောင်မြို့နယ်က ဒေသခံတွေကို စစ်ကောင်စီတပ်က အတင်းအဓမ္မ စစ်သင်တန်းတက်ဖို့ ခေါ်ယူနေတာနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီ ပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။
ရခိုင်ပြည်နယ် စစ်တွေမြို့အတွင်းမှာလည်း ဧပြီလ ၂၁ ရက်နေ့နဲ့ ဖေဖော်ဝါရီလအတွင်းမှာ ရိုဟင်ဂျာကျေးရွာနဲ့ ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာ တစ်ထောင့်သုံးရာလောက်ကို ပြည်သူ့စစ်သင်တန်းတက်ဖို့ စစ်ကောင်စီတပ်က အတင်းအဓမ္မခေါ်ဆောင်သွားခဲ့တယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက RFA ကို ပြောဆိုထားပါတယ်။