ကျောက်ဖြူ ဒုက္ခသည်စခန်းက မွတ်စလင်တွေကို စစ်မှုထမ်းဖို့ စာရင်းကောက်ယူ
2024.02.20
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ကျောက်တစ်လုံးဒုက္ခသည်စခန်းက မွတ်စလင်တွေကို စစ်မှုထမ်းဖို့ ဖေဖော်ဝါရီလ ၁၉ ရက်မှာ မြို့နယ်အုပ်ချုပ်ရေးမှူး၊ စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ ၅၄၂ က ဗျူဟာမှူးနဲ့ စစ်ကောင်စီတပ်သားတွေက လာရောက်စာရင်းကောက်ယူခဲ့တယ်လို့ ဒုက္ခသည်တွေက RFA ကို ပြောပါတယ်။
စစ်သင်တန်း နှစ်ပတ်တက်ရမှာဖြစ်ပြီး လူဦးရေ ၁၆၀ ကျော်ကို စာရင်းကောက်ယူသွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကာယကံရှင်တစ်ဦးက ပြောပါတယ်။
“မနေ့မနက်က မြို့နယ် အုပ်ချုပ်ရေးမှူးလာပြီး ကျွန်တော်တို့ မွတ်စလင်တွေကို စစ်မှုထမ်းရမယ်လို့ လာပြောတယ်။ ကျွန်တော်တို့က မထမ်းဘူးလို့ငြင်းတယ်။ ပြီးတာနဲ့ ဗျူဟာမှူးကိုယ်တိုင် စစ်သားတွေနဲ့ ထပ်ရောက်လာတယ်။ စစ်မှုထမ်း ဥပဒေ သတ်မှတ်ထားတဲ့အတွက် မထမ်းဆောင်လို့မရဘူး ပြောပါတယ်။ လူ ၁၆၀ ကျော်ကို စာရင်းကောက်သွားတယ်။ သင်တန်း နှစ်ပတ်တက်ရမယ်တဲ့။ ကျွန်တော်တို့က သတ်ရင်လည်း သတ်ပါစေ လုံးဝမထမ်းဘူး။ ကျွန်တော်တို့က ရခိုင်လူမျိုးတွေနဲ့ ညီအစ်ကိုလို နေကြတာလေ”
စာရင်းကောက်ယူခံရသူတွေကို ဘယ်နေ့လာရောက်ခေါ်မယ်ဆိုတာ စစ်ကောင်စီတပ်က တိတိကျကျ မပြောခဲ့ဘူးလို့လည်း သူက ပြောပါတယ်။
မွတ်စလင်တွေကတော့ စစ်မှုထမ်းရမှာကို စိုးရိမ်ကြောက်လန့်နေကြပြီး ဒုက္ခသည်စခန်းအနီး စစ်ကောင်စီတပ်တွေရှိနေတာကြောင့် ထွက်ပြေးတိမ်းရှောင်ဖို့လည်း ခက်နေတယ်လို့ ဒုက္ခသည်တွေက RFA ကို ပြောပါတယ်။
အဲဒီကျောက်တစ်လုံး ဒုက္ခသည်စခန်းမှာ အိမ်ထောင်စု သုံးရာကျော်က လူဦးရေ ၁၅၀၀ ကျော် ခိုလှုံနေပါတယ်။
အလားတူ စစ်တွေမြို့နယ်မှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကိုလည်း စစ်ကောင်စီတပ်က စစ်မှုထမ်းဆင့်ခေါ်ဖို့ စာရင်းတွေ ကောက်ယူနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီ ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဖုန်းစက်ပိတ်ထားတာကြောင့် ဆက်သွယ်လို့မရပါဘူး။
စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို ဖေဖော်ဝါရီလ ၁၀ ရက်မှာ အသက်သွင်းခဲ့ပါတယ်။ ဥပဒေအရ စစ်မှုထမ်းဖို့ အကျုံးဝင်တဲ့ အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၁၃ သန်းကျော်ရှိတယ်လို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားပါတယ်။