လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုံက စစ်ဆင်းနစ်(ခ်)တင် Cixing Knitting သိုးမွှေးအထည်စက်ရုံမှာ အလုပ် ထုတ်ခံရတဲ့ အလုပ်သမား သမဂ္ဂခေါင်းဆောင် ၇ ဦးကို အလုပ်ပြန်ခန့်ဖို့ စက်ရုံအသီးသီးက အလုပ်သမားသမဂ္ဂတွေ နဲ့ အလုပ်သမား ၁၀၀ ကျော်လောက်ဟာ အဲဒီစက်ရုံရှေ့မှာ ဒီကနေ့ မနက်ပိုင်းမှာ ဆန္ဒပြတောင်းဆိုပြီးနောက် အလုပ်ပြန်ခန့်ဖို့ အလုပ်ရှင်က သဘောတူလိုက်ပါတယ်။
စက်ရုံအတွင်းက အခြားအလုပ်သမား ၂၀၀ လောက်က အလုပ်ထုတ်ဖို့ တောင်းဆိုတာကြောင့် အလုပ်သမားခေါင်းဆောင် ၇ ယောက်ကို မနေ့က အလုပ်ထုတ်လိုက်တာလို့ အလုပ်ထုတ်ခံရတဲ့ သမဂ္ဂခေါင်းဆောင် တစ်ဦးက မနက်ပိုင်းဆန္ဒပြပွဲမှာ ပြောပါတယ်။
ဒီကနေ့ နေ့လည် တစ်နာရီမှာ လှိုင်သာယာမြို့နယ်က အလုပ်သမား ညှိနှိုင်းဖျန်ဖြေရေးရုံးမှာ အလုပ်သမား အလုပ် ရှင်၊ အလုပ်သမားအရေး ကူညီပေးနေတဲ့ သမဂ္ဂအဖွဲ့အစည်းတွေ အပါအဝင် အလုပ်သမားဦးစီးဌာန တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးပြီးနောက် မနက်ဖြန်မှာ အဲဒီအလုပ်သမားသမဂ္ဂခေါင်းဆောင် ၇ ဦး ကို အလုပ်ပြန်ခန့်ဖို့ သဘောတူ လိုက်တာဖြစ်ပါတယ်။
စစ်ဆင်းနစ်(ခ်)တင် Cixing Knitting သိုးမွှေးအထည်စက်ရုံဟာ တရုတ်နိုင်ငံသားပိုင် အထည်ချုပ်စက်ရုံ တစ်ရုံဖြစ်ပြီး အလုပ်သမား ၃၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုအောင်သိင်္ခ နဲ့ ကိုကျော်ဇောဝင်း ပေးပို့တာပါ။
