တိုက်ပွဲကြောင့် မန္တလေး-မြစ်ကြီးနားလမ်း ပိတ်နေပြီး ကုန်စီးဆင်းမှု ရပ်တန့်

RFA Burmese
2024.11.07
တိုက်ပွဲကြောင့် မန္တလေး-မြစ်ကြီးနားလမ်း ပိတ်နေပြီး ကုန်စီးဆင်းမှု ရပ်တန့် မန္တလေး-မြစ်ကြီးနားလမ်းပေါ်ရှိ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ နဘားလမ်းဆုံကို ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့က တွေ့ရစဉ်။
Citizen Photo

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့မှာ တစ်ကျော့ပြန်တိုက်ပွဲတွေ ပြင်းထန်လာပြီးနောက် အင်းတော်မြို့ပတ်လမ်းကို စစ်ကောင်စီတပ်က နိုဝင်ဘာလ ၄ ရက်နေ့မှာ ပိတ်လိုက်တာကြောင့် ခရီးသည်ကားနဲ့ ကုန်တင်ကားတွေ သွားမရဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုဝင်ဘာလ ၁ ရက်နေ့ကစပြီး အင်းတော်မြို့သိမ်းတိုက်ပွဲအဖြစ် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေက ထိုးစစ်ဆင်နေတာကြောင့် မန္တလေး-မြစ်ကြီးနားလမ်းပေါ်က အင်းတော်မြို့ပတ်လမ်းကို စစ်ကောင်စီတပ်က ပိတ်ထားလိုက်တာလို့ ဆိုပါတယ်။

လက်ရှိမှာ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း အတက်၊ အဆင်း ကားတွေအားလုံး သွားလို့မရတော့ဘူးလို့ မန္တလေး-မြစ်ကြီးနားလမ်းမှာ ခရီးသည်ယာဉ် ပြေးဆွဲနေတဲ့ ယာဉ်မောင်းတစ်ဦးက RFA ကို ပြောပါတယ်။

"အင်းတော်မှာ တိုက်ပွဲဖြစ်လာကတည်းက ပြည်ထောင်စုလမ်းက သွားလို့မရတော့ဘူး။ အဓိက မြို့ပတ်လမ်းကနေပဲ ရှောင်ကွင်းပြီး သွားနေကြတာ။ အခုက တိုက်ပွဲပြန်ဖြစ်နေလို့ ထင်တယ်၊ အဲဒီလမ်းပါ ထပ်ပိတ်လိုက်တာ၊ ဘာကားမှ သွားလို့မရတော့ဘူး။ လမ်းမှာ အချိန်ကြာဦးမဲ့သဘောပဲ"

မြို့ပတ်လမ်းကို နိုဝင်ဘာလ ၄ ရက်နေ့ကစပြီး တစ်ပတ်ခန့် ပိတ်ထားမယ်လို့ စစ်ကောင်စီ တပ်သားတွေက ပြောဆိုတယ်လို့ သူက ပြောပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ပြီးခဲ့တဲ့ ဩဂုတ်လကစပြီး အင်းတော်မြို့မှာ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေရဲ့ မြို့သိမ်းတိုက်ပွဲ ပြင်းထန်လာပြီးနောက် ကချင်ပြည်နယ်ကို ခရီးသည်နဲ့ ကုန်စည်တင်ပို့ရာမှာ အဓိက အသုံးပြုနေတဲ့ ပြည်ထောင်စုလမ်းမကြီးကို ပိတ်လိုက်တာကြောင့် မြို့ပတ်လမ်းကိုသာ အဓိက အသုံးပြုနေရတာပါ။

လက်ရှိမှာ လမ်းပိတ်နေပြီး ကုန်ပစ္စည်းတွေ ကချင်ပြည်နယ်ကို ပုံမှန်မတင်ပို့နိုင်တာကြောင့် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ်တချို့မှာ ကုန်ဈေးနှုန်းနဲ့ စက်သုံးဆီ ဈေးနှုန်းတွေ မြင့်တက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကချင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ တရုတ်-မြန်မာ နယ်စပ်ဂိတ်အားလုံးနီးပါးကိုလည်း တရုတ်နိုင်ငံဘက်က ပိတ်ထားတာကြောင့် နယ်စပ်ဂိတ်တွေတစ်ဆင့် ကုန်စည်စီးဆင်းမှုတွေလည်း ရပ်တန့်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။