CNF ဌာနချုပ် ဗုံးကြဲတိုက်ခိုက်ခံရမှု အနည်းဆုံးငါးဦး သေဆုံး

ချင်းအမျိုးသားတပ်ဦး CNF ဌာနချုပ်ကို စစ်ကောင်စီက ဇန်နဝါရီ ၁၀ ရက်နေ့ညနေမှာ ဂျက်တိုက်လေယာဉ် ငါးစီးနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် CNF တပ်ဖွဲ့ဝင် အနည်းဆုံး ငါးဦး သေဆုံးခဲ့တယ်လို့ ချင်းတော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ် ဝိတိုရိယတောင်ပေါ်က ချင်းအမျိုးသားတပ်ဦး CNF ဌာနချုပ်ကို စစ်ကောင်စီက လေကြောင်းနဲ့ တိုက်ခိုက်ဖို့ စီစဉ်နေတဲ့အကြောင်း တပ်တွင်းလျှို့ဝှက်စာတစ်စောင် နိုဝင်ဘာလ ပထမပတ်မှာ ထွက်ပေါ်ခဲ့ပြီးနောက် နှစ်လခန့်အကြာ ဇန်နဝါရီ ၁၀ ရက်နေ့မှာ စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီက ဗုံးငါးလုံး ကြဲချရာမှာ CNF စခန်းထဲကို လေးလုံးကျပြီး ကျန်တဲ့တစ်လုံးက အိန္ဒိယဘက်ကို ကျတယ်လို့ ချင်းအမျိုးသား တပ်ဦး CNF ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် CNF ရဲဘော် သုံးယောက်နဲ့ ရဲမေ နှစ်ယောက် သေဆုံးခဲ့တယ်လို့ သူက အတည်ပြုပါတယ်။ စစ်ကောင်စီတပ်တွေဟာ မြေပြင်မှာ အင်အားချည့်နဲ့နေပြီ ဖြစ်တာကြောင့် ဂျက်တိုက်လေယာဉ်တွေ သုံးပြီး တိုက်ခိုက်တာလို့လည်း သူက ဝေဖန်ပါတယ်။

“၂ဝ၂၃ နှစ်ကုန်တဲ့အထိ အပစ်အခတ်ရပ်စဲထားပါမယ်လို့ ပြောတယ်၊ ပြီးတော့မှ ဒီလိုတိုက်ခိုက်တာက ရှင်းရှင်းပြောရင် သူပြောခဲ့တာနဲ့ လုပ်နေတာနဲ့က အလိမ်အညာကြီးဆိုတာ တွေ့ရတယ်”

ဒီတိုက်ခိုက်မှုကြောင့် အနည်းဆုံး ၁ဝ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

CNF ဌာနချုပ်ဟာ မြန်မာ-အိန္ဒိယနယ်စပ်မှာရှိတာဖြစ်ပြီး စစ်ကောင်စီရဲ့ တိုက်လေယာဉ်တွေဟာ အိန္ဒိယလေပိုင်နက်ကို ဖြတ်သန်း အသုံးပြုသွားတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒါနဲ့ပတ်သက်လို့ အိန္ဒိယဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးပါဘူး။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာကတော့ စစ်ကောင်စီဟာ နိုင်ငံတကာလေပိုင်နက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကို လေးစားလိုက်နာမှုမရှိဘဲ မထီမဲ့မြင်ပြုရာရောက်သလို ချင်းလူမျိုးတွေကို လူမျိုးတုံးအောင် သတ်ဖြတ်ဖို့ ရည်ရွယ်တာလို့ ဝေဖန်ပါတယ်။

“ဒါဟာ လုံးဝ အပြည်ပြည်ဆိုင်ရာရဲ့လုပ်ထုံးလုပ်နည်းနဲ့ နိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံနဲ့ကြားမှာ လေပိုင်နက်တွေကို မလေးစားဘဲ လုပ်တာ။ ဒါကို အိန္ဒိယအစိုးရဘက်ကလည်း ဘယ်လိုဖြစ်သွားသလဲ ဘယ်အချိန်မှာဖြစ်သွားသလဲဆိုတာ တာဝန်ရှိရှိနဲ့ ဖော်ထုတ်ပြီး ပြောလာမယ်လို့ မျှော်လင့်ပါတယ်။ တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့ရင်ဆိုင်နေတဲ့ အကြမ်းဖက်စစ်ခေါင်းဆောင်တွေက နိုင်ငံတကာကိုလည်း မထီမဲ့မြင်ပြုတယ်။ ပြည်သူလူထုကိုလည်း စစ်ကြေညာပြီး နိုင်ငံတကာက သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းတွေကို မလိုက်နာဘဲ အကြမ်းဖက်မှုတွေ လုပ်နေတာ ကြာပြီ။ အိမ်နီးချင်းလေပိုင်နက်ကို လေကြောင်းကနေ ကျူးကျော်တိုက်ခိုက်ခဲ့တယ် ဆိုတာကို သက်သေအထောက်အထားတွေနဲ့ ဖော်ထုတ်တဲ့အခါ နိုင်ငံတကာဘက်ကလည်း လျစ်လျူမရှုဘဲ အရေးယူမယ်လို့ မျှော်လင့်တယ်။ အဲ့လို အရေးယူဖို့ သူတို့မှာလည်း တာဝန်ရှိတယ်။ အခုချင်းပြည်နယ်ကို ဗုံးကြဲလာတဲ့လက်နက်တွေက ရုရှားထုတ် လက်နက်တွေဖြစ်တယ်။ နိုင်ငံတစ်နိုင်ငံနဲ့အကြား စစ်ပွဲကြီးတွေဖြစ်တဲ့အခါ သုံးတဲ့လက်နက်တွေကို လူမျိုးတစ်မျိုးနဲ့တစ်မျိုးကြားမှာ အခုလို လာတိုက်ခိုက်တယ်ဆိုတာ အကြမ်းဖက်စစ်ဗိုလ်ချုပ်တွေက ခေတ်မီလက်နက်တွေသုံးပြီး လူမျိုးတုံးအောင် လာလုပ်တာပဲ”

ဒီရက်ပိုင်းမှာ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားတာမရှိခဲ့ဘဲ CNF ဌာနချုပ်မှာရှိတဲ့ မိသားစုအိမ်ယာနဲ့ စခန်းဘက်ကို စစ်ကောင်စီက ပစ်မှတ်ထားပြီး တိုက်လေယာဉ်တွေနဲ့ တိုက်ခိုက်သွားတာလို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

စစ်ကောင်စီဟာ ၂ဝ၂၃ ဇန်နဝါရီ ၁ရက်နေ့ကနေ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အပစ်အခတ် ရပ်စဲတယ်လို့ ၂ဝ၂၂ ဒီဇင်ဘာ ၃၁ ရက်နေ့က ကြေညာခဲ့ပြီး ၁ဝ ရက်အကြာမှာ CNF ဌာနချုပ်ကို ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

image (3).jpg
၂ဝ၂၂ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့က ချင်းအမျိုးသားတပ်ဦး CNF ဌာနချုပ်တွင် ကတိသစ္စာခံယူပွဲအခမ်းအနား ကျင်းပစဥ်။ (Photo: Chinland Information center)

ဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်တာမရှိသေးပါဘူး။

စစ်ကောင်စီ အခုလိုတိုက်ခိုက်မှုဟာ လူမဆန်တဲ့ လုပ်ရပ်ဖြစ်ပြီး ၂ဝ၂၃ နှစ်ကုန်အထိ အပစ်အခတ်ရပ်စဲမယ်ဆိုတဲ့ ပြောဆိုချက်ဟာလည်း အလိမ်အညာသာ ဖြစ်တယ်လို့ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ICNCC သဘာပတိ ဆလိုင်းအိုက်ဇက်ခင်က ပြောပါတယ်။

“ပွင့်ပွင့်လင်းလင်းပြောရရင် ဒါက သူတို့(စစ်ကောင်စီ) ရွေးကောက်ပွဲ လုပ်နိုင်ဖို့ ဖိတာပေါ့။ ဒါပေမဲ့ ဘာဖြစ်လဲဆိုတော့ ဒါကို အခြေခံပြီး ချင်းပြည်နယ်မှာ ရွေးကောက်ပွဲလုပ်နိုင်ဖို့ တော်တော်ခက်သွားလိမ့်မယ်။ ဖြစ်လည်း မဖြစ်နိုင်ဘူး။ ချင်းပြည်နယ်မှာ လုံခြုံရေးက တော်တော်ဆိုးဆိုးဝါးဝါး ဖြစ်သွားပြီ။ ဒါက ချင်းလူမျိုးတွေအတွက် နာကြည်းမှုကို ဖြစ်စေတယ်။ ချင်းလူမျိုးတွေအတွက် စိတ်ထဲမှာ လုံးဝမေ့ဖျောက်လို့မရဘူး။ ၂ဝ၂၃ နှစ်ကုန်တဲ့အထိ အပစ်အခတ်ရပ်စဲထားပါမယ်လို့ ပြောတယ်၊ ပြီးတော့မှ ဒီလိုတိုက်ခိုက်တာက ရှင်းရှင်းပြောရင် သူ ပြောခဲ့တာနဲ့ လုပ်နေတာနဲ့က အလိမ်အညာကြီးဆိုတာ တွေ့ရတယ်။ ကျွန်တော်က အပစ်အခတ်ရပ်စဲရေးကိစ္စကို အားကိုးမျှော်လင့်လို့ ပြောနေတာမဟုတ်ဘူး။ ပြောချင်တာက ဒါက မယုံရဘူးဆိုတာ သက်သေပြတာပေါ့။”

“အိမ်နီးချင်းလေပိုင်နက်ကို လေကြောင်းကနေ ကျူးကျော်တိုက်ခိုက်ခဲ့တယ် ဆိုတာကို သက်သေအထောက်အထားတွေနဲ့ ဖော်ထုတ်တဲ့အခါ နိုင်ငံတကာဘက်ကလည်း လျစ်လျူမရှုဘဲ အရေးယူမယ်လို့ မျှော်လင့်တယ်"

ထန်တလန်မြို့ဒေသခံတစ်ဦးက ချင်းပြည်နယ်မှာ ရွေးကောက်ပွဲဖြစ်မြောက်အောင် စစ်ကောင်စီက မြေပြင်တင်မက ဝေဟင်ကနေပါ တိုက်ခိုက်မှုတွေ တိုးလုပ်နေတာဖြစ်တယ်လို့ ပြောပါတယ်။

“CNF အပါအဝင် က မြေပြင်မှာ တကယ်တိုက်နေတဲ့အဖွဲ့တွေ ဖြစ်တယ်။ ပြီးတော့ လာမယ့်ရွေးကောက်ပွဲမှာ ချင်းပြည်နယ်မှာ လုံးဝမဖြစ်အောင် လုပ်နေတဲ့အဖွဲ့ဖြစ်တော့ သူတို့(စစ်ကောင်စီ)ဘက်က သတိပေးတာလည်းဖြစ်သလို ရည်ရွယ်ချက်ရှိရှိနဲ့ စခန်းကိုပဲ ဦးတည်ပြီး ပစ်သွားတာပါ။ ၂ဝ၂၃ ကတော့ NUG ဘက်ကလည်း အဆုံးအဖြတ်ပေးမယ့်နှစ်လို့ ပြောထားတော့ ချင်းပြည်နယ်မှာဆို စစ်ကောင်စီ CNF စခန်းပဲ မဟုတ်ဘဲ အရပ်သားရှိတဲ့နေရာတွေကိုလည်း ဗုံးကြဲတာတို့ အမြဲရှိနေတယ်။ ၂ဝ၂၃ ကတော့ ပိုပြီးစစ်ရေးစစ်ရာအရ သူတို့(စစ်ကောင်စီ)ဘက်က အင်အားတိုးမယ်လို့ ခန့်မှန်းလို့ရတယ်”

နိုဝင်ဘာလထဲမှာ ပေါက်ကြားခဲ့တဲ့ CNF နဲ့ပတ်သက်တဲ့ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှု ပစ်မှတ်စာရင်းအရ ဘုရားကျောင်း၊ လူနာဆောင်၊ ဆေးခန်း၊ စာသင်ကျောင်း အပါအဝင် နေရာ ၁၄ ခု ပါဝင်ပါတယ်။

CNF ဟာ စစ်တပ်အာဏာမသိမ်းခင်က အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲက တစ်ဖွဲ့ဖြစ်ပြီး အာဏာသိမ်းပြီးနောက် စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးကမ်းလှမ်းချက်တွေကို လက်မခံဘဲ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေတဲ့ အဖွဲ့ဖြစ်ပါတယ်။