တိုင်းရင်းသား နိုင်ငံရေးပါတီတွေနဲ့ စုပေါင်းဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ပြည်ထောင်စုပါတီ FUP ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က မှတ်ပုံတင်ချပေးလိုက်ပြီ ဖြစ်တာကြောင့် ၂၀၁၅ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေ စတော့မယ်လို့ FUP ပါတီခေါင်းဆောင်တွေက ပြော ပါတယ်။
ဖက်ဒရယ် ပြည်ထောင်စုပါတီကို ရွေးကောက် ပွဲ ကော်မရှင်က မနေ့က ပါတီမှတ်ပုံတင်ချပေးခဲ့ တာပါ။ တိုင်းဒေသကြီးတွေမှာ တိုင်းရင်းသား လွှတ်တော်အမတ်တွေ အောင်နိုင်ရေးအတွက် လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ FUP ပါတီဥက္ကဌ (ယခင် ချင်းအမျိုးသားပါတီ) က ဒေါက်တာ ကမ်ကျင်ဒါးလ်က RFA ကိုပြောပါတယ်။
“ရုံးခွဲက မန္တလေးမှာရော၊ ပုသိမ်၊ မော်လမြိုင်တို့ရောပေါ့၊ အရွေးခံမှာက ပြည်နယ်မှာ အရွေးမခံဘူး၊ တိုင်းဒေသကြီးတွေမှာပဲ အရွေးခံမယ်၊ လွှတ်တော်မှာကျတော့ တိုင်းရင်းသားပြည်နယ်ကပဲ အရွေးခံတဲ့အခါကျတော့ အင်အားနည်းတယ်၊ ကျနော်တို့ကလည်း ဖက်ဒရယ်ပြည်ထောင်စုဆိုတာ လူနည်းစုအတွက်လည်း မဟုတ်ပါဘူး၊ ဗမာတွေအတွက်လည်း ပါတယ်လေ၊ တိုင်းနဲ့ ပြည်နယ် သူ့ဟာသူ တိုင်းအတွက်ကို စီမံခန့်ခွဲကွက်တွေတော့ ရသင့်တာပေါ့”
ဖက်ဒရယ် ပြည်ထောင်စုပါတီကို ချင်းအမျိုးသားပါတီ၊ ကျားဖြူ ခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ အင်းတိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီစတဲ့ တိုင်းရင်းသားပါတီ ၁၆ ခုနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး မကြာခင်မှာ တိုင်းရင်းသား နိုင်ငံရေးပါတီ စုစုပေါင်း ၂၀ လောက်အထိ မဟာမိတ်ဖွဲ့ကြဖို့ရှိတယ်လို့ သိရပါတယ်။
လက်ရှိ နိုင်ငံရေးပါတီတွေထဲက အင်အားကြီးပါတီတွေကို တန်းတူယှဉ်ပြိုင်နိုင်ရေးအတွက် အခုလို တိုင်းရင်းသားပါတီတွေ စုပေါင်းဖွဲ့စည်းတာဖြစ်ကြောင်းလည်း ဒေါက်တာ ကမ်ဂျင်ခါးက ပြောပါတယ်။
FUB ပါတီအဖွဲ့ဝင် ဦးစောသန်းမြင့်ကို RFA အဖွဲ့သူ ဒေါ်သင်းသီရိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။