အာဏာသိမ်း တစ်နှစ်အတွင်း အခြေခံ စားကုန်စျေးနှုန်း နှစ်ဆကျော်မြင့်တက်

2022.02.24
အာဏာသိမ်း တစ်နှစ်အတွင်း အခြေခံ စားကုန်စျေးနှုန်း နှစ်ဆကျော်မြင့်တက် စစ်အာဏာသိမ်းအပြီး ၂၀၂၁ ဖေဖော်ဝါရီလ ၂ ရက်နေ့က ရန်ကုန်မြို့တွင်းရှိ ဈေးတစ်ခုကို မြင်ရစဥ်
Photo: Reuters

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းချိန်ကနေ အခုနှစ် ဖေဖော်ဝါရီလ အထိ တစ်နှစ်အတွင်း အထွေထွေ စားသုံးကုန်တွေနဲ့ စက်သုံးဆီစျေးတွေဟာ နှစ်ဆကျော် တက်သွားပါတယ်။

ရန်ကုန်မြို့မှာ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလမှာ ကျပ် ၄၀၀၀ ရှိခဲ့တဲ့ နေကြာဆီ တစ်ပိဿာကို အခု ကျပ် ၈၀၀၀၊ ကြက်သွန်နီ တစ်ပိဿာကို ကျပ် ၃၀၀ ကနေ ကျပ် ၈၀၀၊ ပေါ်ဆန်းမွှေး ဆန် တစ်အိတ်ကို ကျပ်လေးသောင်းကနေ အခု ကျပ် ငါးသောင်းခြောက်ထောင်၊ ဓါတ်ဆီ တစ်လီတာကို ၈၅၀ ကျပ်ကနေ အခု ၁၇၀၀ ကျပ်ဝန်းကျင်အထိ အသီးသီး မြင့်တက်သွား ခဲ့တာပါ။

အထွေထွေ ကုန်ဈေးနှုန်းတွေ မြင့်တက်လာတာနဲ့အမျှ စားဝတ်နေရေးလည်း ပိုကျပ်တည်း လာတယ်လို့ ရန်ကုန်မြို့ ကြည့်မြင်တိုင်မှာ နေထိုင်တဲ့ အိမ်ရှင်မတစ်ဦးက RFA ကို ပြောပါတယ်။

"အခုလတ်တလော ကုန်ဈေးနှုန်း အ‌ခြေနေတွေက မြင့်တာပေါ့။ တစ်နေ့ တစ်နေ့ ဆီဈေးတွေဟာ ဒီတစ်ပတ်သွားဝယ်ရင် နောက်တစ်ပတ်ဈေးနှုန်းနဲ့ မတူဘူး။ ဒီတစ်ပတ် ကိုးရာဆို နောက်တစ်ပတ်ဆို တစ်ထောင် ဖြစ်တယ်။ ကုန်ဈေးနှုန်းတွေ အစစအရာရာ မြင့်တက်တယ်။ အရင်က အာလူးတစ်ပိဿာ တစ်ထောင့်ငါးရာ ဆိုတာ အလွန်ဆုံးပဲ။ အခုဆို အာလူး တစ်ပိဿာကို နှစ်ထောင်ကျော်တယ်။ ကုန်ဈေးနှုန်း အကုန်မြင့်တယ်။ တစ်ရာနဲ့ ဝယ်ရတဲ့ ကန်ဇွန်းရွက် တစ်စည်းကို သုံးရာ၊ ငါးရာနဲ့ ဝယ်ရတယ်"

ယခင်က ထမင်းဟင်း နှစ်ရက်စာကို ငွေကျပ်တစ်သောင်းနဲ့ ဈေးဝယ်လို့ ရခဲ့ပေမယ့် အခုအချိန်မှာတော့ ငွေကျပ် နှစ်သောင်းကျော်အထိ အသုံးပြုနေရတယ်လို့ သူကဆိုပါတယ်။

အထွေထွေကုန်ဈေးနှုန်း တက်လာသလို လောင်စာဆီဈေးနှုန်းကလည်း အာဏာသိမ်း တစ်နှစ်တာအတွင်း တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ ၈၀ ရာခိုင်နှုန်းအထိ မြင့်တက် လာခဲ့ပါတယ်။

စက်သုံးဆီ အရောင်းဆိုင်တွေရဲ့ စျေးနှုန်း ဖော်ပြချက်တွေအရ အာဏာ မသိမ်းခင် ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလက စက်သုံးဆီ တစ်လီတာစျေးဟာ ငွေကျပ် ၆၂၀ ကျော်သာ ရှိနေခဲ့ရာကနေ အခုအချိန်မှာ တစ်လီတာကို ကျပ် ၁၇၀၀ ကျော်အထိ ဈေးမြင့်တက် နေတာပါ။

စက်သုံဆီဈေးနှုန်း မြင့်တက်လာတာနဲ့အမျှ လူမှုကူညီရေး လုပ်ငန်းတွေအထိပါ ရိုက်ခတ်မှုရှိလာနေတယ်လို့ ရန်ကုန်မြို့က Happy Family Taxi ပရဟိတအဖွဲ့ အတွင်းရေးမှုး ဦးမျိုးမင်းသန့် က RFA ပြောပါတယ်။

"စက်သုံးဆီကတော့ ကျွန်တော်တို့ လုပ်လို့ရသလောက်တော့ လုပ်နေရဦးမှာ ပေါ့နော်။ စက်သုံးဆီကို ပရဟိတ ကားတွေအတွက် သီးသန့် သတ်မှတ်ပေးပါဆိုတဲ့ အခွင့် အရေးလည်း တောင်းဆိုရင် ဖြစ်လာမှာ မဟုတ်ဘူးလေ။ ဘယ်လိုပြောရမလဲ ရသလောက်တော့ ကျွန်တော်တို့ လုပ်နေရဦးမှာပေါ့။ အသင်းရန်ပုံငွေ ရှိတဲ့အခါလည်း ရှိမယ်၊ ကိုယ့်ဟာကိုယ် လူကြီးပိုင်းမှာ ကိုယ်အိမ်က ပိုက်ဆံစိုက်ထုတ်ပြီး ဆက်လက် လုပ်ကိုင်ရမယ်ဆိုလည်း လုပ်ကိုင်ရမှာပေါ့။ နိုင်သလောက်လေးတော့ ဆက်လုပ် နေရဦးမှာပါ"

အလှူငွေနဲ့ ရပ်တည်ကြရတာဖြစ်လို့ အရင်က နယ်ဝေး လူနာလမ်းကြောင်းတွေ လိုက်ပို့ခဲ့ပေမယ့် အခုအချိန်မှာတော့ စက်သုံးဆီဈေးနှုန်း အခက်အခဲကြောင့် လိုက်မပို့ နိုင်တော့ဘူးလို့ သူကဆိုပါတယ်။

"အခုလတ်တလော ကုန်ဈေးနှုန်း အ‌ခြေနေတွေက မြင့်တာပေါ့။"

အခုလို အထွေထွေ ကုန်စျေးနှုန်းတွေ မြင့်တက်လာတာကို မဖြေရှင်းနိုင်ရင် ပြည်သူတွေ အတွက် ကြီးမားတဲ့ အခက်အခဲတွေ ကြုံလာရနိုင်တယ်လို့ ရန်ကုန်မြို့က အမည်မဖော်လို တဲ့ ကုန်ဈေးနှုန်း စောင့်ကြည့် လေ့လာသူ တစ်ဦးက ပြောပါတယ်။

"ကုန်ဈေးနှုန်းတက်လာတယ်။ ဘာဖြစ်မှာလဲ မေးတဲ့အခါမှာ ကုသတဲ့အခါမှာ ကုသတဲ့ ဆေးချင်း မတူဘူး။ ကုသမှုထုံး၊ ကုသမှုပုံစံမတူဘူး။ ဒက်ဖလေးရှင်းကို အင်ဖလေးရှင်း ဆိုတဲ့ အမြင်နဲ့ သွားကြည့်လို့လည်း မရဘူး။ အင်ဖလေးရှင်းဆိုတာ နိုင်ငံတကာမှာ ဖြစ်ပါတယ်။ အမေရိကန်မှာလည်း ရှိတာပဲ။ နှစ်ပေါင်း ၄၀ အတွင်းမှာ အင်ဖလေးရှင်း ရှိတာပဲ။ ဒါပေမဲ့ စီးပွားရေးက ဘာဖြစ်သွားလဲ ဘာမှမဖြစ်ဘူး။ အလုပ်လက်မဲ့နှုန်း ကျတယ်။ အလုပ်လက်မဲ့နှုန်း ကျတာနဲ့ ကုန်ဈေးနှုန်းကြီးတာနဲ့ နှစ်ခုက ပြောင်းပြန် အချိုးကျတယ်။ ပြောင်းပြန်ဆက်စပ် နေတယ်။ အလုပ်လက်မဲ့နှုန်းကလည်း များလာတယ်။ ဝယ်လိုအားကလည်း ကျလာတယ်။ ကုန်ဈေးနှုန်း ကလည်း ကြီးလာ တယ်ဆိုရင် အကြီးအကျယ် ပြဿနာဖြစ်မယ်။ တဖြေးဖြေး ဒါကို မဖြေရှင်းနိုင်လေ ဒုက္ခရောက်လေလေ ဖြစ်မှာ"

စီးပွားရေး လေ့လာသုံးသပ်သူ တစ်ဦးဖြစ်တဲ့ ဦးခိုင်ဝင်းကတော့ အာဏာသိမ်းပြီး နောက်ပိုင်း ပြည်တွင်း ထုတ်ကုန်တွေထက် ပြည်ပက တင်သွင်းတဲ့ စားသောက်ကုန်တွေနဲ့ အိမ်သုံးပစ္စည်းတချို့ဟာ သယ်ယူပို့ဆောင်ရေး စရိတ်ကြီးမားလာတာနဲ့ မြန်မာကျပ်ငွေ တန်ဖိုး ကျဆင်းလာတာကြောင့် ဈေးနှုန်း ပိုမြင့်တတ်လာရတယ်လို့ စီးပွားရေး လေ့လာ သုံးသပ်သူ တစ်ဦးဖြစ်တဲ့ ဦးခိုင်ဝင်းက ပြောပါတယ်။

ygn bazar
(၂၀၂၁ ဖေဖော်ဝါရီ ၂ ရက်နေ့က ရန်ကုန်မြို့မှာ ဆန်အိတ်ထမ်းနေသူတစ်ဦးကို တွေ့ရစဉ်။) Photo: Reuters

"ကုန်ဈေးနှုန်းတက်လို့ ဝင်ငွေတက်တယ်ဆိုရင် ပြဿနာမရှိဘူးပေါ့၊ အခုက ဘယ်လိုမှ ဝင်ငွေမရှိဘူး ဆင်းရဲမွဲတေမှုကလည်း ရှိနေတော့ တော်တော်လေးကို လူဦးရေရဲ့ ၂၂ ရာခိုင်နှုန်းလောက်ကိုက အာဟာရချို့တဲ့မှုတွေ ဖြစ်တော့မယ်၊ အဲဒီထဲက ၂၂ ရာခိုင်နှုန်း လောက် စားနပ်ရိက္ခာ မလုံလောက်မှုကို ကြုံတွေ့ ရပြီးတော့၊ အဲဒီထဲက ၁.၂ မီလီယမ်က တော်တော်လေးကို ဆိုးဆိုးရွားရွား ကြုံတွေ့ရမယ်ဆိုတော့ ငတ်မွတ်ခေါင်းပါးမှုတွေ ဖြစ်မယ်၊ အခု အ​ခြေအနေ ကတော့ ကုန်ဈေးနှုန်း တက်တာတင်မဟုတ်ပဲ အလုပ်အကိုင် ဝင်ငွေလည်း မရှိတော့တာပဲ"

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ကတော့ အာဏာ သိမ်းပြီးနောက် နိုင်ငံတကာရဲ့ ဝိုင်းဝန်း ပိတ်ဆို့မှုတွေကြောင့် ပြည်တွင်းစီးပွားရေးဟာ လုပ်ရကိုင်ရ ခက်ခဲနေတယ်လို့ ဇန်နဝါရီလ ၃၁ ရက် နေ့က သူ့ရဲ့အာဏာသိမ်း တစ်နှစ်ပြည့် မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ အတွင်းက ထုတ်ပြန်တဲ့ ကမ္ဘာ့ဘဏ်ရဲ့ မြန်မာ့စီးပွားရေး လေ့လာစောင့်ကြည့်မှု အစီရင်ခံစာမှာတော့ လာမယ့် စက်တင်ဘာလအထိ စီးပွားရေး တိုးတက်မှုနှုန်း ၁ ရာခိုင်နှုန်းအထိ ရောက်ရှိလာမယ်လို့ ခန့်မှန်းထားပါတယ်။

ဆင်းရဲမွဲတေမှု ပမာဏဟာလည်း ကိုဗစ်-၁၉ ကူးစက်ရောဂါ မဖြစ်ပွားခင် ကထက် နှစ်ဆပိုမို များပြားလာနိုင်တယ် လို့ဆိုပါတယ်။

ကုလသမဂ္ဂရဲ့ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (UNOCHA) ကလည်း မြန်မာနိုင်ငံမှာ အခုနှစ်အတွင်း နိုင်ငံရဲ့လူဦးရေ ထက်ဝက်နီးပါးဖြစ်တဲ့ လူဦးရေ ၂၅ သန်းအထိ ဆင်းရဲမွဲတေမှုနဲ့ ကြုံလာရနိုင်တယ်လို့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

အဲဒီအထဲက အာဟာရချို့တဲ့မှုကို လူဦးရေ နှစ်သန်းလောက်ထိ ကြုံလာနိုင်ပြီး ကာကွယ် စောင့်ရှောက်မှု လိုအပ်တဲ့သူတွေ၊ ခိုလှုံစရာ နေရာထိုင်ခင်း လိုမယ့်သူတွေ၊ ရေနဲ့ သန့်ရှင်းမှု လိုမယ့်သူတွေဟာလည်း သန်းနဲ့ချီ ရှိနေတယ်လို့ UNOCHA ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။

လက်ရှိအချိန်မှာတော့ နိုင်ငံအတွင်း ပြည်တွင်းရေး မတည်ငြိမ်မှုတွေကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု တချို့ ထွက်ခွာမှုတွေအပြင် ပြည်တွင်းစီးပွားရေး လုပ်ငန်းတွေပါ ရပ်တန့်နေတာကြောင့် ပြည်တွင်းအလုပ်လက်မဲ့ ဦးရေလည်း တိုးပွားလာတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။