ကုမ္ပဏီတွေနဲ့ စီးပွားရေးအဖွဲ့အစည်းတွေ အစိုးရကို မလှူဖို့ ညွှန်ကြား

ကုမ္ပဏီတွေ၊ စီးပွားရေး အဖွဲ့အစည်းတွေအနေနဲ့ အကျိုးစီးပွားရလဒ်အတွက် မျှော်ကိုးပြီး ဆက်စပ်ဝန်ကြီးဌာနတွေ၊ အစိုးရအဖွဲ့တွေကို တိုက်ရိုက်ပဲဖြစ်ဖြစ်၊ သွယ်ဝိုက်ပြီးဖြစ်ဖြစ် လှူဒါန်းတာတွေ လက်ဆောင်ပေးတာ မလုပ်ဖို့ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

အဂတိလိုက်စားမှုတွေ မဖြစ်ပေါ်အောင် အခုလို ထုတ်ပြန်လိုက်တာလို့ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောပါတယ်။

"အဂတိတိုက်ဖျက်မှုကော်မရှင်က ကုမ္ပဏီနဲ့ ပတ်သက်ပြီးတော့ ဝိုင်းကူပေးပါ၊ ဒါလေးကို ထုတ်ပြန်ပေးပါလို့ မေတ္တာရပ်ခံတဲ့အတွက် ဝန်ကြီးဌာနကိုတင်ပြပြီးတော့ ထုတ်ပြန်လိုက်တာပါ၊ အဂတိဘက်ကို ဦးတည်တဲ့ အဂတိကို ဆက်နွယ်တဲ့ ကိစ္စရပ်တွေ ရှောင်ကြဉ်ဖို့ ကုမ္ပဏီတွေလိုက်နာရမယ့် ကျင့်ဝတ်ကို ထုတ်ပြန်ပေးတာ၊ စေတနာအလျောက်လှူတဲ့အပိုင်းကတော့ ဥပမာ အခုလူတွေ ရေကြီးတဲ့အပိုင်းမှာ ဒုက္ခရောက်တယ်၊ အစိုးရအဖွဲ့က ဦးဆောင်ပြီးတော့ ဒီဒုက္ခရောက်တဲ့ သူတွေကို လိုအပ်တဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်တယ်၊ ဒါမျိုးတွေသွားလှူတာကတော့ ကိစ္စမရှိဘူးပေါ့၊ ဆိုလိုတာက ကိုယ့်အကျိုးကို မျှော်ကိုးပြီးတော့မှ ကုမ္ပဏီရဲ့ စီးပွားရေးအကျိုးရလဒ်ကို မျှော်ကိုးပြီးလုပ်တာမျိုးတွေ ရှောင်ရှားဖို့ အဓိက ဆိုလိုတာပါ"

မနေ့က ရက်စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ ကြေညာချက်မှာ ကုမ္ပဏီတွေနဲ့ စီးပွားရေးအဖွဲ့အစည်းတွေအနေနဲ့ ဆက်စပ် ဝန်ကြီးဌာနတွေ၊ အစိုးရအဖွဲ့အစည်းတွေနဲ့ ထိတွေ့ဆောင်ရွက်မှုတွေ ပြုလုပ်ရာမှာပဲဖြစ်စေ၊ ကုမ္ပဏီအဖွဲ့အစည်း အချင်းချင်းကြားမှာ စီးပွားရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာဖြစ်စေ လက်ဆောင်ပေးတာ၊ ဖျော်ဖြေမှုပေးတာ၊ ခရီးသွားလာရာမှာ ပံ့ပိုးပေးတာတွေ၊ လုပ်ငန်းချောမွေ့ဖို့ ငွေကြေးပေးအပ်တာတွေကို တိုက်ရိုက်ပဲဖြစ်ဖြစ်၊ သွယ်ဝိုက်သောနည်းနဲ့ဖြစ်ဖြစ် မပြုလုပ်ကြဖို့ဆိုပြီး ပါရှိပါတယ်။

ဒါ့အပြင် လူမှုရေးနဲ့ နိုင်ငံရေးဆိုင်ရာကဏ္ဍတွေမှာ ထည့်ဝင်လှူဒါန်းတာတွေ ရှောင်ကြည်ကြဖို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်နေ့ကလည်း နိုင်ငံတော်သမ္မတရုံးက အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ၊ တိုင်းနဲ့ ပြည်နယ်က ဝန်ကြီးတွေအနေနဲ့ အစိုးရအုပ်ချုပ်ရေးနဲ့ မဆက်စပ်တဲ့အခမ်းအနားတွေကို တက်ရောက်တာတွေမလုပ်ဖို့ ၊ အစိုးရနဲ့ ပူးပေါင်းလုပ်ကိုင်ဆောင်ရွက်ထားခြင်းမရှိတဲ့ ပြည်တွင်းပြည်ပ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်တွေရဲ့အစီအစဉ်နဲ့ ကျင်းပပြုလုပ်တဲ့ အခမ်းအနားတွေကို လက်ခံတက်ရောက်တာမျိုး မပြုလုပ်ဖို့ တားမြစ်ချက် ထုတ်ထားပါတယ်။