မြန်မာအပါအဝင် ပဋိပက္ခဒေသတွေမှာ ကူညီကယ်ဆယ်ရေးလုပ်သားတွေ သေဆုံးမှု ကုလရှုတ်ချ

RFA Burmese
2024.08.20
မြန်မာအပါအဝင် ပဋိပက္ခဒေသတွေမှာ ကူညီကယ်ဆယ်ရေးလုပ်သားတွေ သေဆုံးမှု ကုလရှုတ်ချ ကျောက်မဲမြို့ တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရသူများအား ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့တွင် ပရဟတိအဖွဲ့များမှ ကူညီသယ်ဆောင်နေစဉ်။
နမ့်ခုံးရှမ်းပရဟိတအဖွဲ့

မြန်မာအပါအဝင် နိုင်ငံပေါင်း ၃၃ နိုင်ငံမှာ ပြီးခဲ့တဲ့နှစ်က ပဋိပက္ခတွေအတွင်း လူသားချင်းစာနာမှု ကူညီကယ်ဆယ်ရေးလုပ်သား ၂၈ဝ ဦး သေဆုံးခဲ့တဲ့အပေါ် ကုလသမဂ္ဂက ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။

ကမ္ဘာတစ်ဝန်းမှာ ၂ဝ၂၃ ခုနှစ်အတွင်း ကူညီကယ်ဆယ်ရေးလုပ်သားတွေ စံချိန်တင် သေဆုံးရတဲ့အထိဖြစ်ခဲ့တဲ့ လက်ခံနိုင်စရာမရှိတဲ့ အကြမ်းဖက်မှုတွေကို ကန့်ကွက်ရှုတ်ချတယ်လို့ ကုလသမဂ္ဂက ဩဂုတ် ၁၉ ရက်နေ့က ထုတ်ပြန်ပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ ယာယီညွှန်ကြားရေးမှူး Joyce Msuya က “ပြီးခဲ့တဲ့ ၂ဝ၂၃ ခုနှစ်က နိုင်ငံပေါင်း ၃၃ နိုင်ငံမှာ ကူညီကယ်ရေးဝန်ထမ်း ၂၈ဝ သေဆုံးခဲ့ပြီး ဒါဟာ ကမ္ဘာလုံးဆိုင်ရာ လူသားချင်းစာနာထောက်ထားရေးအသိုက်အဝန်းအတွက် အသေအပျောက်အများဆုံးနှစ် ဖြစ်တယ်” လို့ ပြောပါတယ်။

၂ဝ၂၂ ခုနှစ်မှာတော့ ကူညီကယ်ဆယ်ရေးလုပ်သား ၁၁၈ ဦး သေဆုံးခဲ့ပါတယ်။ ၂ဝ၂၃ ခုနှစ်အတွင်း ပဋိပက္ခဒေသ တွေက အကြမ်းဖက်မှုတွေမှာ ကူညီကယ်ဆယ်ရေးလုပ်သားတွေ သေဆုံးရတဲ့ အဆိုးဝါးဆုံး ၁ဝ နိုင်ငံထဲမှာ မြန်မာ ပါဝင်ပါတယ်။

ကုလသမဂ္ဂစာရင်းအရ ဂါဇာမှာ ကယ်ဆယ်ရေးလုပ်သား ၁၆၃ ဦးနဲ့ အများဆုံး သေဆုံးခဲ့ပြီး တောင်ဆူဒန်မှာ ၃၄ ဦး၊ ဆူဒန်မှာ ၂၅ ဦး၊ အစ္စရေးနဲ့ ဆီးရီးယားမှာ ခုနစ်ဦးစီ၊ အီသီယိုးပီးယားနဲ့ ယူကရိန်းမှာ ခြောက်ဦးစီ၊ ဆိုမာလီယာမှာ ငါးဦး၊ မြန်မာနဲ့ ကွန်ဂိုနိုင်ငံတို့မှာ လေးဦးစီ သေဆုံးခဲ့ပါတယ်။

ကယ်ဆယ်ရေးလုပ်သားတွေအပေါ် ပုံမှန်ဖြစ်စဉ်လို အကြမ်းဖက်နေတာ၊ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိတာ တွေဟာ လက်ခံနိုင်စရာမရှိတဲ့ အသိဉာဏ်ကင်းမဲ့တဲ့ လုပ်ရပ်တွေဖြစ်ပြီး ဒါဟာ လူသားချင်းစာနာမှု အကူအညီပေးရေးလုပ်ငန်းတွေအတွက် ကြီးမားတဲ့အန္တရာယ်ဖြစ်စေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။