လက်ရှိ အခြေခံ ဥပဒေကြောင့် နိုင်ငံ ရဲ့ ဂုဏ်သိက္ခာ ထိခိုက်လို့ ဦးကိုကိုကြီး ဝေဖန်

0:00 / 0:00

လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ မဲဆန္ဒရှင်ပြည် သူတွေက ရွေးချယ်လိုက်တဲ့ ကိုယ်စားလှယ်အားလုံး က ပြင်ချင်တယ်ဆိုရင်တောင် ပြင်လို့မရတဲ့ ဖွဲ့စည်းပုံ ဖြစ်နေတယ်ဆိုတဲ့အချက်ဟာ နိုင်ငံတော် နဲ့ နိုင်ငံသားတွေရဲ့ ဂုဏ်သိက္ခာကို ထိခိုက်နေတယ်လို့ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း)က ယုံကြည်ကြောင်း ဒီနေ့ ပြောလိုက်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင် နိုင်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း) တို့ ပူးပေါင်းပြီး ကော်မတီဖွဲ့စည်းလိုက်တဲ့အပေါ် RFA က မေးမြန်းရာမှာ ကိုကိုကြီးက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအပေါ်ထားတဲ့ သဘောထားနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။

"ရွေးကောက်ခံရတဲ့ ကိုယ်စားလှယ် အထူးသဖြင့် မဲဆန္ဒရှင်ပြည်သူတွေကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းပဲရှိတယ်၊ ၇၅ ကျော်မှ ပြင်လို့ရမယ်ဆိုတဲ့အပိုဒ်ဟာ ဒီမိုကရေစီစံချိန်စံညွှန်းနဲ့ လုံးဝကွဲလွဲနေ တယ်၊ နောက်တစ်ခုက မဲဆန္ဒရှင်ပြည်သူတွေက ရွေးကောက်လိုက်တဲ့ ကိုယ်စားလှယ်အားလုံးက ပြင်ချင်တယ် ဆိုရင်တောင်မှ ပြင်လို့မရဘူးဆိုတဲ့ဟာသည် ကျနော်တို့ နိုင်ငံသားအားလုံးရဲ့ ဂုဏ်သိက္ခာနဲ့ နိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်တယ်လို့ ကျနော်တို့က လေးလေးနက်နက်ယုံကြည်တယ်"

ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲကျင်းပဖို့ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့ အဖွဲ့အစည်း) တို့ ပူးပေါင်းပြီး ဗဟိုပူးပေါင်းကော်မတီတစ်ရပ်ကိုလည်း ဖွဲ့စည်းလိုက်ပါတယ်။ အဲဒီကော်မတီထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တွေဖြစ်ကြတဲ့ ဦးဝင်းထိန်၊ ဦးဉာဏ်ဝင်း၊ ဦးအုန်းကြိုင်၊ ဦးဝင်းမြင့်၊ ဦးဟံသာမြင့်နဲ့ ဦးထွန်းထွန်းဟိန်တို့ ဖြစ်ကြပြီး ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း) က ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး၊ ဦးမြအေး၊ ဦးဂျင်မီ၊ ဦးပြုံးချို တို့ ပါဝင်ကြပါတယ်။ လူထုဟောပြောပွဲကနေ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး လူထုဆန္ဒလက်မှတ်တွေကိုလည်း အဲဒီကော်မတီက တစ်ပြည်လုံး အတိုင်းအတာနဲ့ ကောက်ခံသွားမယ်လို့ သိရပါတယ်။

ဦးကိုကိုကြီးကို RFA သတင်းထောက် ကိုကျော်သူ တွေ့ဆုံမေးမြန်းထားတာ နားဆင်နိုင်ပါတယ်။