အခြေခံဥပဒေ ပြင်ပေးရေး ကျုံပျော်မှာ လူ ၅၀၀ နီးပါး တောင်းဆိုဆန္ဒပြ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့ က ဒေသခံ ၅၀၀ နီးပါးဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာပါတဲ့ နိုင်ငံရေးမှာ တပ်မတော် ပါဝင်ထမ်းဆောင်နိုင်ရေး ပုဒ်မ ၆(စ)၊ နိုင်ငံတော် သမ္မတ အရည်အချင်း သတ်မှတ်ချက် ပုဒ်မ ၅၉(စ)၊ ပုဒ်မ ၅၉ (ဃ) နဲ့ ဖွဲ့စည်းပုံပြင်ဆင်တဲ့ ပုဒ်မ ၄၃၆ တို့ကို ပြင်ဆင်ပေးဖို့ ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ ကြပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာပါတဲ့ ပုဒ်မတော်တော်များများဟာ ဒီမိုကရေစီစံနှုန်းတွေနဲ့ မကိုက်ညီတာကြောင့် ပြင်ပေးဖို့ တောင်းဆို ရတာဖြစ်တယ်လို့ ဆန္ဒပြပွဲမှာပါဝင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကျုံပျော်မြို့နယ်က ကိုစိုးအောင်နိုင်က ပြောပါတယ်။

"၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ဒီမိုကရေစီ စံချိန်စံညွှန်းနဲ့ ကိုက်ညီမှုမရှိဘူးလေ၊ နောက် ၂ဝဝ၈ ဖွဲ့စည်းပုံ စတင်ရေးဆွဲချိန်ကစပြီး ပွင့်လင်းမြင်သာမှု လုံးဝမရှိဘဲ ပြည်သူလူထုက ဘာမှမသိတဲ့ ဥပဒေတစ်ရပ်ကို ပြည်သူကို အတင်းကို အတည်ပြုခိုင်းတဲ့ပုံစံမျိုး ဖြစ်နေတယ်ခင်ဗျ၊ အဲတော့ ပြည်သူဘာမှမသိဘဲနဲ့ အတည်ပြုထားတဲ့ ဒီအခြေခံဥပဒေကို ဒီမိုကရေစီ စံချိန်စံညွှန်းနဲ့ မကိုက်ညီတာမို့ ကျနော်တို့က ပြင်ဆင်ဖို့အတွက် ဆန္ဒထုတ်ဖော်ရခြင်း ဖြစ်ပါတယ်"

အလားတူ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်မှာလည်း ပုဒ်မ ၅၉(စ)၊ ပုဒ်မ ၅၉(ဃ) နဲ့ ပုဒ်မ ၄၃၆ တို့ကို ပြင်ဆင်ပေးဖို့ ရာနဲ့ချီတဲ့ ဒေသခံတွေ ဒီနေ့ တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။

မနက်ဖြန်မှာလည်း ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး တောင်းဆိုဆန္ဒပြကြမယ်လို့ သိရပါတယ်။