ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကော်မတီကိစ္စ တပ်မတော် လတ်တလော ပြောဖို့မရှိ

0:00 / 0:00

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီ ဖွဲ့စည်းရေးအဆိုကို တပ်မတော်သား ကိုယ်စားလှယ်တွေ ပါဝင်ဆွေးနွေးဖို့ ရှိ၊ မရှိ မပြောနိုင်သေးဘူးလို့ တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အစုအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ် မောင်မောင်က ဒီနေ့ ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့် တင်သွင်းတဲ့ အရေးကြီးအဆိုကို တပ်မတော် ကိုယ်စားလှယ်တွေက သဘောမတူတဲ့အတွက် အဲဒီကော်မတီ အကောင်အထည်ဖော်တဲ့ ကိစ္စမှာပါဝင်ဖို့အတွက် ပြန်လည်ဆွေးနွေးမယ်လို့ မနေ့က ပြောကြားထားပါတယ်။

ဒါပေမဲ့ အစည်းအဝေးတွေ များနေတဲ့အတွက် သက်ဆိုင်ရာ တပ်မတော်သား ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးတာတွေ မလုပ်ရသေးဘူးလို့လည်း ဗိုလ်မှူးချုပ် မောင်မောင်က ပြောပါတယ်။

ဦးအောင်ကြည်ညွန့် တင်သွင်းတဲ့ အရေးကြီးအဆိုဟာ လုပ်ထုံးလုပ်နည်းနဲ့ မညီဘူးဆိုပြီး တပ်မတော်သား ကိုယ်စားလှယ်တွေက မနေ့က ပြည်ထောင်စုလွှတ်တော်မှာ မတ်တပ်ရပ်ကန့်ကွက်ခဲ့သလို မဲလည်းမပေးခဲ့ပါဘူး။

အဲဒီအဆိုကို ဆွေးနွေးမယ့်သူတွေဟာ ဇန်နဝါရီလ ၃၁ ရက်နေ့ မနက်ဖြန် ညနေ နောက်ဆုံးထားပြီး ပြည်ထောင်စုလွှတ်တော်ရုံးကို စာရင်းပေးဖို့ နာယက ဦးတီခွန်မြတ်က ကြေညာထားပါတယ်။

လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဒီမိုကရေစီစံနှုန်းနဲ့ မကိုက်ညီတဲ့အချက်တွေ၊ ဖယ်ဒရယ်ပြည်ထောင်စု ထူထောင်ရေး၊ ငြိမ်းချမ်းရေးတွေ လုပ်ဆောင်တာမှာ အဆင်ပြေဖို့ ပြုပြင်ရမယ့်အချက်တွေရှိတယ်လို့ ကိုယ်စားလှယ်တချို့က ပြောပါတယ်။

တိုင်းဒေသေကြီး၊ ပြည်နယ်ဝန်ကြီးချုပ်တွေကို သက်ဆိုင်ရာလွှတ်တော်တွေက ခန့်အပ်ဖို့နဲ့ ပြည်နယ်ဥပဒေပြုခွင့် ဇယား ၂ ကို ဖြေလျှော့ဖို့၊ အုပ်ချုပ်ရေးဆိုင်ရာ ဥပဒေအချို့ပြင်ဆင်ဖို့ ကိုယ်စားလှယ်အချို့က အကြံပြုကြပါတယ်။

တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အစုအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ် မောင်မောင်က တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်တွေကို သက်ဆိုင်ရာလွှတ်တော်က ခန့်အပ်ဖို့ကို သဘောတူတယ်လို့ အခုလို ပြောပါတယ်။

"အမှန်ကတော့ ဒါရှင်းရှင်းလေးပါ။ အခုဆို ရခိုင်မှာ ပြဿနာတော်တော်တက်တယ်။ ရှမ်းမှာ ပြဿနာတော်တော်တက်တယ်။ သက်ဆိုင်ရာပါတီက မဲအများကြီးနိုင်တယ်။ ဒါပေမဲ့လည်း အစိုးရက ချပေးထားဝန်ကြီးချုပ်နဲ့ သက်ဆိုင်ရာပါတီနဲ့ သက်ဆိုင်ရာလွှတ်တော်နဲ့ ပြဿနာအမြဲတမ်းဖြစ်တယ်။ ဒါကို ပြေလည်သွားဖို့ဆိုရင်တော့ ပြင်တော့ပြင်သင့်တာပေါ့လေ။ သူ့ရဲ့ဥပဒေ လုပ်ထုံးလုပ်နည်းနဲ့အညီ ပြင်ရမှာပေါ့။ ဖြစ်သင့်တဲ့အနေအထားကို ကျွန်တော်တို့က ဒါတော့ စဉ်းစားမိပါတယ်။"

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၁ (ခ) မှာ တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်တွေကို သမ္မတက ခန့်အပ်ရမယ်လို့ ပြဌာန်းထားတာပါ။

ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတမဖြစ်နိုင်အောင် တားဆီးထားတဲ့ ပုဒ်မ ၅၉(စ)နဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကိစ္စ မေးမြန်းရာမှာတော့ ဆွေးနွေးချိန်မှာ ဝိုင်းဝန်းစဉ်းစားမယ်လို့ ပြောပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေပါ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဥပဒေပြုခွင့် ဇယား ၂ ကို ဖြေလျှော့ပေးဖို့ကိုလည်း တိုင်းရင်းသားတွေက ဆန္ဒရှိကြပါတယ်။

"ဇယားတွေ ၁၊ ၂၊ ၃၊ ၄၊ ၅ ဥပမာ ဇယျား ၂ တို့ဆိုရင် အခွန်အခကောက်တာနဲ့ ကိုယ့်ဒေသက ကိုယ်လုပ်လို့ရတာတွေရှိတယ်၊ အဲဒါတွေကိုလည်း ပြန်ပြင်ဖို့လိုအပ်တယ်ပေါ့၊ အဲဒီလို လိုအပ်တဲ့အတွက် ဥပမာဆိုရင် အန်တီတို့ တိုင်းရင်းသားပါတီတွေက အင်အားနည်းတယ်၊ အခုလွှတ်တော်မှာ အများဆုံးရှိနေတာ NLD ဆိုတော့ NLD ပူးပေါင်းပါဝင်မှ ပြင်လို့ရမယ် အဲဒီအတွက်ကြောင့် မျှော်လင့်ချက်ထားတယ်"

ဒါကတော့ ရခိုင်အမျိုးသားပါတီက ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောေ၀ ပြောသွားတာပါ။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစား ပြည်သူကရွေးတဲ့ အုပ်ချုပ်ရေးစနစ် တည်ထောင်ဖို့ အကြံပြုတာလည်း ရှိပါတယ်။

"၂၈၈ ကတော့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနတွေက မအုပ်ချုပ်ပဲနဲ့ အရင်တုန်းကတော့ မြူနီစပယ်လူကြီးတွေခေါ်တာပေါ့၊ Township Council တို့၊ District Council တို့က အုပ်ချုပ်နိုင်တဲ့ စနစ်ကို သွားရင်တော့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရဲ့ အားနည်းချက်တွေကို ပြည်သူက ရွေးတဲ့ မြို့မိ၊ မြို့ဖတွေပေါ့ သူတို့နဲ့ ပေါင်းစပ်ပြီးတော့ ဒေသန္တရ အုပ်ချုပ်ရေးကို ပြုပြင်သွားမယ်ဆိုရင် အဲဒီ ၂ ချက်ကို ကျွန်တော်က ကြိုက်တယ်၊ ကျွန်တော်တို့လည်း ကြိုးစားခဲ့သေးတယ်၊ ဒါပေမဲ့ အချိန်နည်းလွန်းတယ်"

ပြီးခဲ့တဲ့အစိုးရလက်ထက်က ဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီ ဥက္ကဋ္ဌ အဖြစ်တာဝန်ယူခဲ့တဲ့ သမ္မတရုံးဝန်ကြီးဟောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ ်ဦးစိုးသိန်း ပြောသွားတာပါ။

ဖွဲ့စည်းပုံအခြခံဥပဒေပုဒ်မ ၂၈၈ မှာ ခရိုင်၊ မြို့နယ်အဆင့် အုပ်ချုပ်ရေးကို နိုင်ငံဝန်ထမ်းတွေကို တာဝန်ပေးရမယ်လို့ ဖော်ပြထားတာပါ။

ဖွဲ့စည်းပုံဘယ်လောက်အထိ ပြင်နိုင်မလဲဆိုတာ တပ်မတော်ရဲ့ သဘောထားပေါ်မူတည်တယ်လို့ SNLD ပါတီက ဦးစိုင်းသီဟကျော်က ပြောပါတယ်။

"ဘယ်လိုပဲဖြစ်ဖြစ် NLD က ဦးဆောင်ပြီးလုပ်တယ်ဆိုရင်လည်း ကျွန်တော်တို့က ထောက်ခံပါတယ်၊ ဘယ်လောက်ထိ ပြင်နိုင်လည်းဆိုတာကတော့ တပ်မတော်ရဲ့ သဘောထားပေါ်မှာမူတည်ပါတယ်၊ တပ်မတော်က နိုင်ငံရေးကိစ္စတွေမှာ ဘယ်လောက်ထိ လိုက်လျောဆောင်ရွက်မလည်းဆိုတာပေါ့နော်၊ အဲဒါကလည်း ခုနကပြောသလိုပေါ့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်နေတာဆိုတော့ တပ်မတော်ရဲ့ ဆန္ဒက အဓိကကျပါတယ်"

အမျိုးသားလွှတ်တော် ဥက္ကဋ္ဌဟောင်း ဦးခင်အောင်မြင့်ကတော့ ဖွဲ့စည်းပုံပြင်ရင် လွယ်တာက စပြင်ဖို့ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တာကို ကိုးကားပြီး အခုလို ပြောပါတယ်။

"ဒေါ်အောင်ဆန်းစုကြည်လည်း ပြောထားတာရှိတယ် လွယ်တဲ့အချက်က စပြင်တာကောင်းတယ်ဆိုတာပေါ့၊ ပြည်သူ့ဆန္ဒ ခံယူရမယ့်ကိစ္စကျတော့ အချိန်လည်းကုန်တယ် ငွေလည်းကုန်တယ်ပေါ့၊ သာမန်ကိစ္စဆိုရင် ပြည့်သူ့ဆန္ဒခံယူဖို့ကို ခဏဆိုင်းထား လွှတ်တော်အတွင်းမှာ ၇၅ ရာခိုင်နှုန်းကျော်အောင် ကြိုးစားရင် ပြီးသွားမှာပါ"

NLD ပါတီ သတင်းနဲ့ ပြန်ကြားရေး အဖွဲ့ဝင် မုံရွာအောင်ရှင်က ဖွဲ့စည်းပုံ ပြင်ဆင်ရေး အဖွဲ့မှာ အားလုံးပါဝင်လာဖို့ ကြိုးစားရမှာဖြစ်ပြီး တပ်မတော်ဘက်က လတ်တလော မပါဝင်နိုင်သေးရင်လည်း ဖွဲ့စည်းပုံ ပြင်ဆင်ဖို့ သဘောတူတဲ့ သူတွေနဲ့ ဦးဆုံးဆောင်ရွက်ရမှာဖြစ်တယ်လို့ ပြောပါတယ်။

"အားလုံးပါဝင်နိုင်ရင်တော့ အကောင်းဆုံးပါပဲ၊ ဒီကာလမှာ အားလုံးက ညီညီညွတ်ညွတ်နဲ့ ပါဝင်နိုင်ပြီးတော့ ညီညီညွတ်ညွတ်နဲ့ အလုပ်ကို တက်နိုင်သဘောက် ဖြစ်နိုင်သလောက် လုပ်ကြရင်တော့ ကောင်းတယ်လို့ထင်ပါတယ်၊ မပါဝင်နိုင်ဘူး၊ ပါဝင်ဖို့ အဆင်သင့်မဖြစ်သေးဘူးဆိုရင်လည်း စောင့်ရမှာပါပဲ၊ ကျွန်တော်မြင်တာလေ၊ အဲဒီလိုစောင့်တဲ့အချိန်မှာလည်း ပါဝင်နိုင်တဲ့သူတွေနဲ့ အရင်ဆုံးစပြီးတော့ စီစဉ်ရလိမ့်မယ်လို့ထင်တယ်၊ တပ်မတော်သားတွေအနေနဲ့ကလည်း ပြင်ဆင်တာကို ကန့်ကွက်တာမဟုတ်ဘူး ဒီကိစ္စကို လုပ်ထုံးလုပ်နည်းအရ ကန့်ကွက်တာလို့ သူပြောထားတာရှိပါတယ်၊ အဲ့တော့ လုပ်ထုံးလုပ်နည်းနဲ့ အညီ ညှိကြ၊ နှိုင်းကြရင်တော့ သူတို့ ပါဝင်လာလိမ့်မယ်လို့ ဒီလိုပဲယူဆပါတယ်"

ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အခန်း ၁၅ ခန်း၊ ပုဒ်မပေါင်း ၄၅၇ ခုပါဝင်ပြီး ပုဒ်မ ၉၀ ခန့်ဟာ ပြည်ထောင်စုလွှတ်တော်မှာ ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်ဆန္ဒမဲနဲ့သာမက လူထုဆန္ဒခံယူပွဲမှာ မဲပေးနိုင်သူထက်ဝက်ကျော်မှ သာ ပြင်ဆင်နိုင်မှာဖြစ်ပါတယ်။

ဖွဲ့စည်းပုံပြင်ဆင်ရေးပုဒ်မ ၄၃၆ နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတမဖြစ်နိုင်အောင် တားဆီးထားတဲ့ပုဒ်မ ၅၉(စ)တို့ကို အထက်ပါနည်းအတိုင်းပြင်ဆင်ရမှာဖြစ်ပေမယ့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တွေကို ခန့်အပ်တဲ့ ပုဒ်မ ၂၆၁(ခ)ကတော့ လူထုဆန္ဒခံယူစရာမလိုတဲ့ ပုဒ်မတွေဖြစ်တယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ် ပေးပို့တာပါ။