၂ဝဝ၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီဖွဲ့စည်းဖို့အဆို အတည်ပြု


2019.02.06
tikhunmyat-622.jpg ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်ကို တွေ့ရစဉ်
Photo: Pyithu Hluttaw Facebook

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်းဖို့ အင်န်အယ်လ်ဒီပါတီက လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်ရဲ့ အရေးကြီးအဆိုကို ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရာမှာ မဲအများစုနဲ့ အနိုင်ရတဲ့အတွက် အတည်ပြုလိုက်ပါတယ်။

တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေက အဲဒီကော်မတီဖွဲ့စည်းရေး သဘောမတူခဲ့သလို ဒီနေ့လည်း ကန့်ကွက်မဲပေးခဲ့ပါတယ်။

အဲဒီကော်မတီမှာ နိုင်ငံရေးပါတီတွေနဲ့ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေကို အချိုးကျ ထည့်သွင်းပြီး ဖွဲ့စည်းပေးမယ်လို့ ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က ကြေညာခဲ့ပါတယ်။

ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးထွန်းထွန်းဟိန်က ကော်မတီကို ဦးဆောင်မှာဖြစ်ပြီး ကော်မတီဝင် အရေအတွက်၊ သက်တမ်းသတ်မှတ်ရေးအတွက် အစည်းအဝေး ခေါ်ယူသွားမယ်လို့ သိရပါတယ်။

လက်ရှိပြည်ထောင်စုလွှတ်တော်မှာ ပါတီစုစုပေါင်း ၁၄ ခုက ကိုယ်စားလှယ်တွေအပြင် တသီးပုဂ္ဂလ ကိုယ်စားလှယ် ၅ ဦး ရှိပါတယ်။

ပြည်ထောင်စုလွှတ်တော်မှာ ကိုယ်စားလှယ်ဦးရေ ၆၅၇ ရှိပြီး ဒီနေ့ ၃၅ ဦး ခွင့်ယူခဲ့တဲ့အတွက် လွှတ်တော် တက်ရောက်သူ စုစုပေါင်း ၆၂၁ ဦးရှိတယ်လို့ သိရပါတယ်။

အင်န်အယ်လ်ဒီကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်ရဲ့ အဆိုကို ကိုယ်စားလှယ် အများစုက ထောက်ခံတဲ့အတွက် အတည်ပြုသင့်တယ်လို့ ပြည်ထောင်စု လွှတ်တော် ဒုတိယနာယက ဦးထွန်းထွန်းဟိန်က ရှင်းလင်းအပြီးမဲခွဲရာမှာ ထောက်ခံသူများတဲ့အတွက် အတည်ပြုလိုက်တာပါ။

အဲဒီကော်မတီ ဖွဲ့စည်းဖို့ အဆိုကို ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရာမှာ မဲပေးခွင့်ရှိသူ ၆၂၁ ဦးအနက် ထောက်ခံမဲ ၄၁၄ မဲ၊ ကန့်ကွက်မဲ ၁၉၁ မဲ၊ ကြားနေမဲ ၆ မဲရှိခဲ့ပြီး အဆိုကို အတည်ပြုနိုင်ခဲ့တာဖြစ်ပါတယ်။

တပ်မတော်သား ကိုယ်စားလှယ်အစုအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ် မောင်မောင်က ကော်မတီမှာ ပါဝင်ဖို့ကိစ္စ မဆုံးဖြတ်ရသေးဘူးလို့ အခုလို ပြောပါတယ်။

"ဆွေးနွေးတဲ့အခါကျမှ ဘယ်နှစ်ယောက်နဲ့ ဘယ်လိုဖွဲ့မယ်ဆိုတာ ဝိုင်းဝန်းပြီးတော့ ဆွေးနွေးမှာပေါ့နော်၊ ဆွေးနွေးတဲ့အခါမှ ဘယ်သူတွေပါကြမယ်၊ ဘယ်နယောက်ပါကြမယ် နောက်ကော်မတီရဲ့ လုပ်ပိုင်ခွင့်တွေ ဆုံးဖြတ်မယ်ပြောတော့ အဲ့မှပဲ ကျွန်တော်တို့ သိရမှာပေါ့၊ အခုက ကျွန်တော်တို့ ဘာမှမပြောနိုင်သေးဘူး"

ဦးအောင်ကြည်ညွန့်ရဲ့ အရေးကြီးအဆိုတင်စဉ်က တပ်မတော်သားကိုယ်စားလှယ်တွေက မဲမပေးပဲ မတ်တပ်ရပ် ဆန္ဒပြခဲ့တဲ့အပြင် ဝင်ရောက်ဆွေးနွေးတာလည်းမရှိသလို ဒီကနေ့မှာလည်း ကန့်ကွက်မဲပေးခဲ့တယ်လို့ ဗိုလ်မှူးချုပ် မောင်မောင်က ပြောပါတယ်။

အဆိုရှင် ဦးအောင်ကြည်ညွန့်ကတော့ ကော်မတီမှာ တပ်မတော်သားတွေ ပါဝင်သင့်ကြောင်းကို အခုလို ပြောပါတယ်။

"ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ကာကွယ်ထိန်းသိမ်း စောင့်ရှောက်တယ်ဆိုတာဟာ ရှိနေတဲ့ သမိုင်းပေးအခြေအနေ မျက်မှောက်နိုင်ငံတော်ရဲ့ အခြေအနေ အခုရှိနေတဲ့ ကမ္ဘာ့ကသွားနေတဲ့ အခြေအနေတောင်းဆိုမှုတွေနဲ့ လိုက်လျောညီထွေဖြစ်အောင် ရှင်သန်အောင် ပြုပြင်ပြောင်းလည်းပေးလိုက်မယ်ဆိုရင် ဒီဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ ရှင်သန်သွားမှာပေါ့၊ အဲ့လိုရှင်သန်အောင် တာဝန်ယူထားတယ်ဆိုရင် ပူးပေါင်းပါဝင်သင့်တာပေါ့၊ အဲ့လို ပူးပေါင်းပါဝင်တဲ့အခါမှာတော့ ဘယ်ဟာကတော့ဖြင့် မပြင်သင့်သေးဘူးထင်တယ်၊ ဘယ်ဟာကတော့ ဘယ်လိုပြင်သင့်တယ်ဆိုတဲ့ ပြောဆိုမှုမျိုး ပြောဆိုပိုင်ခွင့် တပ်မတော်သား ကိုယ်စားလှယ်တွေမှာ ရလည်းရထိုက်တယ်၊ ရအောင်လည်း ယူသင့်တယ်လို့ အဲ့လိုပဲ သုံးသပ်ပါတယ်"

လွှတ်တော်တွင်းမှာ အင်အားကြီး အင်န်အယ်လ်ဒီပါတီ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီတို့အပြင် တိုင်းရင်းသားပါတီ ၁၀ ပါတီထက်မနည်းလည်း ရှိနေပါတယ်။

ကော်မတီမှာပါဝင်ရမယ့် ကိုယ်စားလှယ်ကို သက်ဆိုင်ရာပါတီက ရွေးချယ်ခွင့်၊ လွှတ်တော်ပြင်ပက ပါတီတွေက ကိုယ်စားလှယ်တွေပါဝင်ခွင့် ရလိုတယ်လို့လည်း တိုင်းရင်းသားကိုယ်စားလှယ်အချို့က ပြောပါတယ်။

"ပါတီတိုင်းမှာ ပါတီဝင်တွေရှိတယ် အဲ့ဒီပါတီဝင်ကနေပြီးတော့ ဘယ်ပါတီဝင်က ဒီအကြောင်းအရာကို ကျွမ်းကျင်လည်းပေါ့နော် ဒီပါတီဝင်တွေပဲသိမယ်၊ ကိုယ့်ပါတီထဲက ဘယ်သူက ဒီအကြောင်းအရာကို ကျွမ်းကျင်လည်းပေါ့နော် အဲ့တော့ အကြံပေးချင်တာက ပါတီ ဥက္ကဋ္ဌကနေပြီးတော့ ပါတီတီအလိုက် ရွေးချယ်ခွင့်ပေးလိုက်ပေါ့"

ဒါကတော့ လွှတ်တော်မှာ ကိုယ်စားလှယ် ၅ နေရာကိုယ်စားပြုထားတဲ့ တအာင်း(ပလောင်) အမျိုးသားပါတီက မန်တုံမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းမိုးရဲ့ ပြောကြားခဲ့တာပါ။

ပြည်သူ့လွှတ်တော်မှာ ၂ နေရာ အနိုင်ရထားတဲ့ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလာမာလေးကတော့

"တချို့ရွေးကောက်ခံရတဲ့ ပါတီတွေလည်း ပါဝင်လို့ရအောင် နောက်မှ ရွေးကောက်မခံရတဲ့ ပါတီတွေဆိုရင်လည်း ပါဝင်လို့ရအောင် လုပ်ပေးမယ်ဆိုရင် အခြေခံဥပဒေကို ပြင်တဲ့နေရာမှာ ပိုမိုတိကျတဲ့ အချက်အလက်တွေရမယ်လို့တော့ ဒီလိုပဲမြင်ပါတယ်"

အမျိုးသားလွှတ်တော်မှာ တနေရာအနိုင်ရထားတဲ့ မွန်အမျိုးသားပါတီက လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်သီဟရဲ့ အမြင်ကတော့

"ကျွန်တော်ကတော့ အဲ့လိုမျိုးတော့ မထင်ဘူးပေါ့နော်၊ ဘာလိုလည်းဆိုတော့ ၁ ယောက်ပဲ ဖြစ်ဖြစ် ၂ ယောက်ပဲ ဖြစ်ဖြစ် ၃ ယောက်ပဲဖြစ်ဖြစ်ပေါ့လေ အဓိကက ပါတဲ့နေရာမှာ ကိုယ်တင်ပြချင်တာကို တင်ပြနိုင်ဖို့ပဲ အရေးကြီးတယ်ထင်ပါတယ်"

လွှတ်တော်နာယက ဦးထွန်းထွန်းဟိန် ဦးဆောင်မယ့် အဲဒီကော်မတီကို အမျိုးသားနဲ့ ပြည်သူ့လွှတ်တော်က ကိုယ်စားလှယ် အရေအတွက်တူညီစွာ ပါဝင်ဖွဲ့စည်းမှာဖြစ်ပြီး ကော်မတီဝင်အရေအတွက်နဲ့ သက်တမ်းသတ်မှတ်ရေးအတွက် အစည်းအဝေးခေါ်ယူသွားမယ်လို့ သိရပါတယ်။

ဒါပေမဲ့ ဘယ်အချိန်မှာ အစည်းအဝေးခေါ်ယူမယ်ဆိုတာကိုတော့ လွှတ်တော်နာယက ဦးတီခွန်မြတ်က ပြောကြားတာမရှိ သေးပါဘူး။

RFA သတင်းထောက် ကိုဝင်းကိုကိုလတ် ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။