ပြည်နယ်နဲ့တိုင်းလွှတ်တော်က ဝန်ကြီးချုပ်ရွေးချယ်တင်မြှောက်ခွင့် ပြင်ဆင်ချက် ရှုံးနိမ့်

သီဟထွန်း
2020.03.17

တိုင်းရင်းသားတွေလိုလားနေတဲ့ ဗဟိုအစိုးရဆီက အာဏာခွဲရေး ပြင်ဆင်ချက်တစ်ခုဖြစ်တဲ့  ပြည်နယ်နဲ့တိုင်း ဝန်ကြီးချုပ်ကို သက်ဆိုင်ရာ လွှတ်တော်တွေက ရွေးချယ်ခန့်အပ်ပိုင်ခွင့် ဖွဲ့စည်းပုံပါ ပုဒ်မ ၂၆၁ (ခ) ပြင်ဆင်ရေး ကြံ့ခိုင်ရေးပါတီရဲ့ အဆိုကို ဒီနေ့လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရာမှာ အာဏာရ NLD ပါတီ ကိုယ်စားလှယ်တွေက ကန့်ကွက်ခဲ့ကြတဲ့အတွက် ပြင်ဆင်ရေးအဆို  ရှုံးနိမ့်သွားပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်း တင်တဲ့ ဝန်ကြီးချုပ် ခန့်အပ်ပိုင်ခွင့် ပုဒ်မ ၂၆၁ (ခ) ပြင်ဆင်ချက်ကို ဒီနေ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ခြောက်ရက်မြောက်နေ့မှာ မဲခွဲဆုံးဖြတ်ခဲ့ပြီး  လိုအပ်တဲ့ မဲအရေအတွက် ၇၅ ရာခိုင်နှုန်းအထက်မရတဲ့အတွက် ရှုံးနိမ့်သွားတာဖြစ်ပါတယ်။

ဒီနေ့ မဲရလဒ်နဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ်မှာ မဲအများဆုံးရရှိခဲ့တဲ့ ရခိုင်အမျိုးသားပါတီ ANP က ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ဒီမိုကရေစီပါတီကြီးတစ်ခုက ဗဟိုချုပ်ကိုင်မှုကို လျော့ချရေးကို အားပေးထောက်ခံမှု မရှိတာဟာ ဝမ်းနည်းဖို့ကောင်းတယ်လို့ မှတ်ချက်ချပါတယ်။

"NLD ပါတီ ရဲ့မဲက အဆုံးအဖြတ်ဖြစ်သွားတာပေါ့ ။ ဒီဘက်ကတော့ တပ်မတော်ရယ်၊ ပြည်ခိုင်ဖြိုးရယ်၊ တိုင်းရင်း သားတွေက အကုန်လုံးပေးတယ်။ ဒါပေမဲ့ အဆုံးအဖြတ်ကတော့ NLD ပါတီရဲ့မဲပါ။ ဒါကိုက မဲကြည့်ရင်လည်း သိပါတယ်။ အစကတည်းက သူတို့အဲလိုပဲ ကန့်ကွက်ဆွေးနွေးခဲ့တယ်ဆိုတော့ အခုလည်းပဲ NLD က မဲမပေးဘူး ဆိုတာသိတယ်။ ဒါကတော့ ကျနော်တို့အတွက် ဝမ်းနည်းစရာပေါ့ဗျာနော်။ ဒီမိုကရေစီပါတီ တစ်ပါတီက ဒီလို ဗဟိုချုပ်ကိုင်မှုကို လျော့မချပေးဘူး။ တိုင်းရင်းသားတွေအတွက် ဖက်ဒရယ်စနစ်ကို အငွေ့အသက်လေးတောင်မှ ရှူရှိုက်ခွင့်မပေးဘူး၊ မလိုက်လျောဘူးဆိုတော့ ဒါကျနော်တို့ တိုင်းရင်းသားတွေအတွက်တော့ ဝမ်းနည်းစရာပေါ့။ အများကြီးသွားရမယ့်ခရီးမှာ ဒါက ခလုတ်ကန်သင်းတစ်ခုဖြစ်သွားတာပေါ့။"

ဒီနေ့ လွှတ်တော်ကိုတက်ရောက်တဲ့ ကိုယ်စားလှယ် ၆၃၁ ဦးရှိပြီး ခွင့်တိုင်ကြားသူ ၂၃ ဦးရှိပါတယ်။ အဲဒီပုဒ်မကို ထောက်ခံသူက ၂၃၉ ဦးသာရှိတဲ့အတွက် NLD ပါတီ ကိုယ်စားလှယ်အားလုံးက ကန့်ကွက်ခဲ့တယ်လို့ ခန့်မှန်းရပြီး တပ်မတော်သားကိုယ်စားလှယ်၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ ANP ပါတီက ထောက်ခံမဲပေးခဲ့ကြပါတယ်။

ပုဒ်မ ၂၆၁ (ခ) ပြင်ဆင်ရေးအတွက် ထောက်ခံမဲ ၂၃၉ မဲ၊ ကန့်ကွက်မဲ ၃၈၈ မဲနဲ့  ပယ်မဲက ၄ မဲဖြစ်ပါတယ်။

NLD ပါတီက အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးက ပုဒ်မ ၂၆၁ ပြင်ဆင်ရေးပြီးခဲ့တဲ့ လွှတ်တော်သက်တမ်းမှာ ထောက်ခံခဲ့ပေမယ့် အခုကာလမှာ NLD ကိုယ်စားလှယ်တွေက ကန့်ကွက်ရတဲ့ အကြောင်းအရင်းကို ရှင်းပြပါတယ်။

"နှစ်ခုက ချိတ်ဆက်နေတယ်။ ပုဒ်မ ၂၆၁ ကို ပြင်ဆင်မယ်။ တဖက်မှာလည်း ဒီရွေးကောက်ခံမဟုတ်တဲ့ ကိုယ်စား လှယ်တွေရဲ့ ပါဝင်မှုရာခိုင်နှုန်းကို လျော့ချဖို့ဆိုတာ ပထမအကြိမ် သက်တမ်းကတည်းကပါခဲ့ပြီးပြီ။ အခုကျနော်တို့ ရှေ့မှာလည်း ၄၃၆ က နဲ့ ပတ်သက်လို့မဲတွေ တောက်လျှောက်ပေးခဲ့ပြီးပြီ ။ ပေးခဲ့ပြီးတဲ့အခါကျတော့ ဒီရွေး ကောက်ခံမဟုတ်တဲ့ ကိုယ်စားလှယ်တွေရဲ့ လျော့ချမှုအနေအထားက အောင်မြင်မှုရခဲ့လား။ မရခဲ့ဘူး။ အဲဒီအချိန် မှာသာ အောင်မြင်မှုရခဲ့တယ်ဆိုရင် မဲဆိုတာက ကျနော်ပြောခဲ့ပြီးသွားပြီ။ ပြည်ထောင်စုလွှတ်တော် ကိုယ်စား လှယ်တိုင်းက တစ်ဦးတစ်ယောက်ချင်းစီရဲ့ စိတ်ဆန္ဒနဲ့ ပေးနေတာလေ။ စိတ်ဆန္ဒနဲ့သွားနေတာကြောင့်မလို့ ရလဒ်တွေက နေ့တိုင်းနေ့တိုင်းပြောင်းသွားနိုင်တယ်။"

ပုဒ်မ ၂၆၁ ပြင်ဆင်ရေးကို မူအားဖြင့် ထောက်ခံပေမယ့် တိုင်းနဲ့ပြည်နယ်လွှတ်တော်တွေနဲ့ ပြည်ထောင်စု လွှတ်တော်မှာ တပ်မတော်သား ကိုယ်စားလှယ် ၂၅ % ကို မလျော့ချနိုင်သေးသရွေ့ အခက်အခဲရှိနေဦးမယ်လို့ သူက ဆိုပါတယ်။

ပုဒ်မ ၂၆၁ (ခ) မူလပြဌာန်းချက်က နိုင်ငံတော် သမ္မတက သက်ဆိုင်ရာတိုင်း ဒါမှမဟုတ် ပြည်နယ်ဝန်ကြီးချုပ် အဖြစ် ခန့်အပ်တာဝန်ပေးအပ်ဖို့ တိုင်းနဲ့ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တွေထဲက သတ်မှတ်အရည်အချင်းနဲ့ ပြည့်စုံတဲ့ လွှတ်တော်ကိုယ်စားလှယ်ကို သမ္မတက ရွေးချယ်ရမယ်လို့ဖြစ်ပါတယ်။

အဲဒီလို ရွေးချယ်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်ရဲ့ အမည်စာရင်းကို တိုင်းဒါမှမဟုတ် ပြည်နယ်လွှတ်တော်ကို ပေးပို့ပြီး သဘောတူညီချက် ရယူရမယ်လို့ သတ်မှတ်ထားပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဦးသိန်းထွန်း တင်သွင်းတဲ့ ပြင်ဆင်ချက် မူကြမ်းမှာတော့ ဝန်ကြီးချုပ်အဖြစ် တာဝန်ပေး အပ်နိုင်ဖို့ (အာဏာရ ဗဟိုအစိုးရအကြီးအကဲဖြစ်တဲ့ သမ္မတက တိုက်ရိုက်ခန့်တာမျိုးမဟုတ်ဘဲ) တိုင်း ဒါမှမဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များထဲမှ သတ်မှတ်အရည်အချင်းနဲ့ ပြည့်စုံသူတစ်ဦးကို ဆန္ဒမဲနဲ့ ရွေးချယ်ရ မှာဖြစ်ပြီး  အမည်ကို နိုင်ငံတော်သမ္မတထံ ပေးပို့ရမယ်လို့ ပြင်ဆင်ထားပါတယ်။

ဒီပုဒ်မနဲ့ ပတ်သက်လို့ အာဏာရ NLD ပါတီဘက်က ကိုယ်စားလှယ်တွေက မထောက်ခံလို့ဆိုပြီး တိုင်းရင်းသား ပါတီတချို့က ဝေဖန်ပြစ်တင်ခဲ့ပါတယ်။

တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်းက ဗဟိုနဲ့ ပြည်နယ်တွေ ကြား အာဏာခွဲဝေမှုလုပ်ဖို့ ဒီပုဒ်မက ပြင်ကို ပြင်ရမယ်လို့ ပြောပါတယ်။

"ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကို အခြေခံတဲ့ ပြည်ထောင်စုစနစ်ကို သွားဖို့ဆိုတဲ့ဟာကို၊ အဲဟာမှာ ကျနော်တို့က လုပ်တဲ့ဟာမှာ ဒီ၂၆၁ က ကျနော်တို့အတွက် တိုင်းပြည်အတွက် တိုင်းရင်းသားတွေအတွက် ဘာပဲပြောပြော အင်အားကြီးတွေကို မယှဉ်နိုင်ပါတီအတွက် အင်မတန်မှ အရေးကြီးတဲ့ပုဒ်မတစ်ခုဖြစ်တယ်လို့ ကျတော်တို့က နားလည်ပါတယ်။  ခံလည်းခံယူပါတယ်။ ဒါက ခုနက ပါဝါမျှဝေမယ့် ဖက်ဒရယ်စနစ်ကို သွားချင်တဲ့အခါမှာ ပြင်ကိုပြင်ရမယ့် ပြင်သင့်တဲ့ပုဒ်မလို့ နားလည်ပါတယ်။"

ဒီနေရာမှာ ထူးခြားချက်က ကြံ့ခိုင်ရေးပါတီ လွှမ်းမိုးတဲ့ ပြီးခဲ့တဲ့ပထမအကြိမ် လွှတ်တော်က အဲဒီပုဒ်မကို ပြင်ဆင်ဖို့ NLD ပါတီဘက်က တင်ပြခဲ့တာဖြစ်ပြီး တပ်မတော်ဘက်က မပြင်သင့်သေးဘူးဆိုပြီး ကန့်ကွက်ခဲ့ပါတယ်။

ဒီတကြိမ်မှာမှာတော့ တိုင်းရင်းသား ပြည်သူတွေရဲ့ ဆန္ဒကြောင့် ဒီပုဒ်မကို ပြင်လိုပါတယ်လို့ တပ်မတော်ဘက် ကဆိုလာပြီး NLD ပါတီဘက်ကတော့ တပ်မတော်သားကိုယ်စားလှယ်တွေရဲ့ ရာခိုင်နှုန်းကို မလျော့ချနိုင်ရင် ပြင်ဖို့ မဖြစ်နိုင်ဘူးလို့ ပြောလာတာပါ။

နိုင်ငံရေးသုတေသီတစ်ဦးဖြစ်တဲ့ ဦးအောင်သူငြိမ်းက ဖွဲ့စည်းပုံပြင်ဆင်ရေးက အောင်မြင်မူမရဘဲ တဖက်နဲ့တဖက် နားလည်မူနဲ့ ယုံကြည်မူပါ အားနည်းသွားတာကို တွေ့ရတယ်လို့ ပြောပါတယ်။

"NLD က တင်တဲ့ အဆိုပြုချက်တွေဆိုလည်း ကျန်တဲ့ကိုယ်စားလှယ်တွေကမဲခွဲပြီး ပယ်ချမယ်။ ကျန်တဲ့နိုင်ငံရေး ပါတီတွေက တင်တဲ့အချက်တွေလည်း ဒီ NLD ကိုယ်စားလှယ်တွေက မထောက်ခံဘူးဆိုတဲ့ သဘောမျိုးပြနေ တာပေါ့။ ထင်တယ် နောက်ထပ်လာမယ့် ရက်တွေမှာ မဲခွဲရင်လည်း ဒီလိုပုံစံမျိုးပဲ ဆက်ဖြစ်လာဦးမယ်ထင် ပါတယ်။ တစုံလုံးချုပ်လိုက်ရင်တော့ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးကတော့ ကျနော်ထင်တယ်၊ မအောင် မြင်ဘူးဖြစ်သွားပြီလို့ ထင်ပါတယ်။ အခုဒီတခေါက်က ဒီလိုဖြစ်သွားတဲ့ကိစ္စမှာ တဖက်နဲ့တဖက်ယုံကြည်မှုပါ ပျက်ပြားသွားတဲ့သဘောမျိုးရှိတယ်။ နောက်နားလည်မှုကလည်း နည်းနည်းလေး ဝေးသွားတဲ့သဘောမျိုး ရှိကြတယ်လို့ထင်တယ်။ အဲတော့ နောက်တစ်ကြိမ် ဒီလိုမျိုးပြန်ပြီးတော့ ကြိုးစားမှုလုပ်ဖို့ဆိုရင် အချိန်တောင် ပိုယူရဦးမယ့်သဘောလို့ ထင်ပါတယ်။"

ဒီနေ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ခြောက်ရက်မြောက်နေ့မှာ ပုဒ်မ ၄၃၆ (ခ)မှာ အကြုံးဝင်တဲ့ ပုဒ်မ၊ ပုဒ်မ ခွဲ ၁၈ ခုကို မဲခွဲခဲ့ပါတယ်။

အဲဒီထဲမှာ ပြည်ထောင်စုဝန်ကြီးတွေရဲ့ အရည်အချင်း သတ်မှတ်ချက်တွေနဲ့ သက်ဆိုင်တဲ့ ပုဒ်မ-၂၃၂ ပုဒ်မနဲ့ ပုဒ်မခွဲတွေကို မဲခွဲဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီပြင်ဆင်ချက်ကို တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးချုပ် မောင်မောင် က တင်သွင်းထားတာပါ။

အဲဒီပြင်ဆင်ချက်တွေမှာလည်း လုံလောက်တဲ့ ထောက်ခံမဲ ၄၉၁ မဲ ၊ ရာခိုင်နှုန်း အနေနဲ့ ၇၅% ကျော် မရတဲ့အတွက် ရှုံးနိမ့်ခဲ့ပါတယ်။

တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးချုပ် မောင်မောင်က ဖွဲ့စည်းပုံ ပြင်ဆင်ရေးအောင်မြင်ဖို့အတွက် တစ်ဖွဲ့နဲ့တစ်ဖွဲ့ ယုံကြည်မူတွေ တည်ဆောက်ပြီးမှသာ ညိနှိုင်းတိုင်ပင်သင့်တယ်၊ မဲအသာနဲ့ ပြင်လိုတဲ့ ရည်ရွယ်ချက်မျိုးက မသင့်တော်ဘူးလို့ ဝေဖန်ပါတယ်။

NLD ပါတီက အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးကတော့ တချို့အဖွဲ့အစည်းတွေက စွပ်စွဲသလို လူအင်အားအသာနဲ့ ဒီမိုကရေစီအနိုင်ကျင့်တယ်ဆိုတာမရှိဘဲ ဒီမိုကရေစီကသာ အနိုင်ကျင့်ခံနေရတာ နှစ်ပေါင်းများစွာကြာနေပြီလို့ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။