အခြေခံဥပဒေပြင်ဆင်ရေး ကျန်ပုဒ်မတွေ ဆက်လက်ဆွေးနွေးမည်


2015.06.26
pyitaungsu-hluttaw-620 ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ကျင်းပနေပုံ
Photo: RFA

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက ပြင်ဆင်ဖို့ အဆိုပြုထားတဲ့ ဥပဒေမူကြမ်းပါ ပုဒ်မ ၃ဝ လောက်ကို လွှတ်တော် ကိုယ်စားလှယ် ၆၃ ဦးက လာမယ့် ဇွန်လ ၃ဝ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်မှာ စတင်ဆွေးနွေးမှာဖြစ် ပါတယ်။

အဲ့ဒီပုဒ်မ ၃ဝ ကို ပါဝင်ဆွေးနွေးဖို့ အမည်စာရင်းပေးထားတဲ့ ကိုယ်စားလှယ် ၁ဝဝ ကျော်ထဲက ၆၃ ယောက် ကို ဆွေးနွေးခွင့်ပေးတာဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက မနေ့က ပြောခဲ့ပါတယ်။

"ယင်းဥပဒေကြမ်းနဲ့ စပ်လျဉ်းပြီးဆွေးနွေးဖို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ၃၇ ဦး၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ၃၄ ဦး၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂၆ ဦး၊ အခြားနိုင်ငံရေးပါတီ ၇ ခုနဲ့ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် ၁၅ ဦး၊ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၁၁၂ ဦး အမည်စာရင်းပေးပို့ ထားပါတယ်၊ အဆိုပါကိုယ်စားလှယ်များစာရင်းထဲမှာ ဆွေးနွေးမယ့် ကိုယ်စားလှယ် စုစုပေါင်း ၆၃ ဦးဖြစ် ပါကြောင်း အသိပေးကြေညာအပ်ပါတယ်"

အဲ့ဒီပုဒ်မ ၃ဝ ထဲမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေကို သက်ဆိုင်ရာတိုင်းဒေသကြီးနဲ့ ပြည်နယ် လွှတ်တော်တွေက ရွေးချယ်တင်မြှောက်ခွင့်ရှိဖို့၊ ပြည်ထောင်စု တရားသူကြီးချုပ်နဲ့ တရားလွှတ်တော်ချုပ် တရားသူကြီးတွေရဲ့ သက်တမ်းကို ၅ နှစ်သတ်မှတ်ဖို့ စတာတွေကို ပြင်ဆင်ထားတာဖြစ်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အရေးကြီးပုဒ်မတွေဖြစ်တဲ့ ပုဒ်မ ၅၉(စ)၊ ပုဒ်မ ၄၃၆(က) စတဲ့ ပုဒ်မ ၄ ခု ကို ပြည်ထောင်စုလွှတ်တော်မှာ ၃ရက်ကြာဆွေးနွေးပြီး ပုဒ်မ ၅၉(ဃ) တစ်ခုကိုသာ ပြင်ဆင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။