အခြေခံဥပဒေ အချိန်မီ မပြင်နိုင်ရင် ပြဿနာများမယ် လို့ ဒေါ်အောင်ဆန်းစုကြည် ပြော


2013-09-24
Share
dassk-sg-305.JPG စင်္ကာပူမှ စက်တင်ဘာလ ၂၄ ရက်နေ့က ပြန်လည်ရောက်ရှိ လာသော ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်လေဆိပ် မှာ တွေ့ရစဉ်
photo: RFA/ Kyaw Zaw Win

နောက်လာမယ့် ရွေးကောက်ပွဲမတိုင်ခင် အခြေခံဥပဒေ မပြင်ဆင်နိုင်ဘူးဆိုရင် ပြဿနာတွေ ပိုပြီးများလာမယ်လို့  စင်္ကာပူနိုင်ငံကိုရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည် က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ မနေ့မနက်ပိုင်းမှာ စင်္ကာပူအစိုးရခေါင်းဆောင်တွေ နဲ့ တွေ့ဆုံခဲ့ပြီး၊ ညနေပိုင်းမှာကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။

မြန်မာနိုင်ငံမှာ လိုအပ်နေတာတွေက အခြေခံဥပဒေ ပြင်ဆင်ရေးတစ်ခုတည်းသာ မဟုတ်ပါဘူး၊ ဒါကြောင့် ၂၀၁၅ ခုနှစ်မတိုင်မီ အခြေခံဥပဒေ မပြင်ဆင်ဘူးဆိုရင် ဒီဟာတွေဖြစ်မယ် ဟိုတာတွေဖြစ်မယ်ဆိုတာမျိုးပြောဖို့ စောနေပါသေး တယ်၊ ဒါပေမယ့် ယုံယုံကြည်ကြည်နဲ့ ပြောနိုင်တာ တစ်ခုကတော့ ၂၀၁၅ မတိုင်ခင် အခြေခံဥပဒေ မပြင်နိုင်ဘူးဆိုရင် မြန်မာနိုင်ငံမှာ ပြဿနာတွေ ပိုပြီးများပြားလာလိမ့်မယ်ဆိုတာပါပဲလို့ ပြောကြားခဲ့တာပါ။ အဲဒါကြောင့် အခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် အစွမ်းကုန် အားထုတ်ကြိုးပမ်းသွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

စင်္ကာပူနဲ့ မြန်မာမှာ တူညီတာတွေရှိသလို၊ မတူညီတာတွေလည်းရှိကြောင်း၊အဓိကမတူညီတာက စင်္ကာပူက မြို့ပြနိုင်ငံဖြစ်ပြီး၊ မြန်မာပြည်က လယ်ယာစိုက်ပျိုးရေးနိုင်ငံဖြစ်ကြောင်း၊ ဒါပေမယ့် စင်္ကာပူအနေနဲ့ မြန်မာဆီက လေ့လာသင်ယူစရာတွေ ရှိနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါ တယ်။  မြန်မာပြည်အနေနဲ့ တမူထူးခြားနေစေချင် ပါတယ်၊ အဲဒီမတူခြားနားချက်တွေကို အမျိုးအစားထွေပြားစုံလင်တဲ့ ကမ္ဘာကြီးထဲ ထည့်သွင်းချင်ပါတယ်၊ ဒီတော့ စင်္ကာပူအနေနဲ့ မြန်မာဆီက ပိုပြီးသက်သောင့်သက်သာရှိတဲ့ ဘဝနေနည်းမျိုး ၊ပိုပြီးနွေးထွေးရင်းနှီးတဲ့ ဆက်ဆံရေးမျိုး လေ့လာသင်ယူနိုင်ပါလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အနေနဲ့ အစိုးရဖွဲ့နိုင်တဲ့ ပါတီတစ်ရပ်အဖြစ် အရည်အသွေးပြည့်မီရဲ့လားဆိုတာ တချို့က သံသယရှိနေကြတဲ့ပြောဆိုဝေဖန်ချက်တွေနဲ့ ပတ်သက်ပြီး မေးမြန်းတဲ့အခါ မြန်မာပြည်မှာ NLD လောက် အရည်အချင်းပြည့်ဝတဲ့ပါတီမျိုးရှိရင် ပြစမ်းပါလို့ စိန်ခေါ်လိုက်မယ်၊ NLD ဟာ ဒီမိုကရေစီနည်းကျ တည်ဆောက်ထားတဲ့ပါတီ၊ ပြည်သူကို အတူခေါ်ဆောင်သွားနိုင်တဲ့ အရည်အချင်းနဲ့ ပြည့်ဝတဲ့ပါတီဖြစ်ပါတယ် လို့ ဒေါ်အောင်ဆန်းစုကြည်က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့