နယ်မြေအသီးသီးကို ထိန်းချုပ်ထားသူတွေ တာဝန်သိသိအုပ်ချုပ်ဖို့ IIMM တိုက်တွန်း

RFA Burmese
2025.02.18
နယ်မြေအသီးသီးကို ထိန်းချုပ်ထားသူတွေ တာဝန်သိသိအုပ်ချုပ်ဖို့ IIMM တိုက်တွန်း ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) အဖွဲ့ခေါင်းဆောင် နီကိုလတ်စ် ခွန်ဂျန် (Nicholas Koumjian)။
United Nations

ရခိုင်ပြည်နယ်ထဲမှာ စစ်ရာဇဝတ်မှုကျူးလွန်တာတွေ ရှိနေကြောင်း ဘက်ပေါင်းစုံက စွပ်စွဲချက်တွေ ရှိနေပြီး နယ်မြေတွေကို ထိန်းချုပ်ထားသူတွေအနေနဲ့ တာဝန်သိသိ အုပ်ချုပ်ဖို့ လိုအပ်ကြောင်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရား (IIMM) ရဲ့ အကြီးအကဲ နီကိုလတ်စ်ခွန်ဂျန်က ပြောလိုက်ပါတယ်။

စစ်တပ်အာဏာသိမ်းအပြီး လေးနှစ်အကြာ မြန်မာနိုင်ငံအခြေအနေအကြောင်း ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ကုလသမဂ္ဂရုံးရဲ့ မေးမြန်းခန်းတစ်ခုမှာ ထည့်သွင်းပြောကြားလိုက်တာပါ။

IIMM အနေနဲ့ အဖွဲ့ပေါင်းစုံက ကျူးလွန်တဲ့ စစ်ရာဇဝတ်မှု၊ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးနေတယ်လို့လည်း ဆိုပါတယ်။

ရခိုင်ပြည်နယ်ဘက်မှာ စစ်ရာဇဝတ်မှုကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး စစ်ကောင်စီနဲ့ အာရက္ခတပ်တော် (AA) နှစ်ဖက်လုံးကို မေးမြန်းထားပေမဲ့ စစ်ကောင်စီက လုံးဝအကြောင်းမပြန်ကြောင်း၊ AA ဘက်ကတော့ ပြန်လည်ဖြေဆိုမယ်လို့ ပြောပေမဲ့လည်း တုံ့ပြန်ချက်တစ်စုံတစ်ရာ မရသေးဘူးလို့ ဆိုပါတယ်။

ဒါနဲ့ပတ်သက်လို့ မေးမြန်းဖို့ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် (AA)ကို RFA က ဆက်သွယ်ခဲ့ပေမဲ့ အကြောင်းမပြန်သေးပါဘူး။

IIMM အဖွဲ့ကို ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုအတွက် စုံစမ်းဖို့ ဖွဲ့စည်းခဲ့တာဖြစ်ပေမဲ့လည်း စစ်အာဏာသိမ်းပြီးချိန်ကစပြီး ဖမ်းဆီးခံထားရသူတွေကို ညှဉ်းပန်းနှိပ်စက်မှု၊ လိင်ပိုင်းဆိုင်ရာစော်ကားမှု၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုနဲ့ စစ်သုံ့ပန်းတွေကို သတ်ဖြတ်မှုတွေအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုအစီရင်ခံစာတွေကို လစဉ်လတိုင်း လက်ခံရရှိနေတယ်လို့လည်း ထောက်ပြပါတယ်။

ဒီလိုရာဇဝတ်မှုတွေက ထပ်ခါတလဲလဲပြန်ဖြစ်နေတာကြောင့် IIMM အဖွဲ့အတွက် စုံစမ်းစစ်ဆေးရေးက စိန်ခေါ်မှုတစ်ရပ်ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။

စစ်အာဏာသိမ်းအပြီး ဖြစ်ပွားတဲ့ ရာဇဝတ်မှုတွေအတွက် တရားရေးကိစ္စဆောင်ရွက်တာမရှိသေးပေမဲ့ ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုအတွက် နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC)၊ အာဂျင်တီးနားတရားရုံးနဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ သက်သေအထောက်အထားတွေ ပံ့ပိုးပေးနေပြီး ICJ တရားရုံးမှာ ဒီနှစ်ထဲ ကြားနာပွဲရှိမယ်လို့ မျှော်လင့်ကြောင်း နီကိုလတ်စ်ခွန်ဂျန်က ပြောဆိုခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။