မြန်မာမှာ ကိုဗစ်ကြောင့်သေဆုံးသူ လေးထောင်နီးပါးရှိလာ

2021-07-12
Share
မြန်မာမှာ ကိုဗစ်ကြောင့်သေဆုံးသူ လေးထောင်နီးပါးရှိလာ ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်မှာ ဇူလိုင်လ ၁၁ ရက်နေ့က ကိုဗစ်-၁၉ ကူးစက်ခံရပြီး သေဆုံးသွားသူတစ်ဦးရဲ့ ရုပ်အလောင်းကို သယ်ဆောင်လာစဉ်။
Photo: AFP

မနေ့က ၂၄နာရီအတွင်း ကိုဗစ်ကြောင့် သေဆုံးသူ ၈၉ယောက်ရှိခဲ့တယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ကြေညာပါတယ်။ အဲဒါကြောင့် မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူ စုစုပေါင်း ၃၉၂၇ ယောက် ရှိသွားပါပြီ။

သေဆုံးသူအရေအတွက် တိုးလာနေသလို ရောဂါပိုးတွေ့လူနာ အရေအတွက်ကလည်း တနေ့တခြား များသထက် များနေပါတယ်။ မနေ့က တရက်တည်းမှာပဲ အတည်ပြုလူနာသစ် ၅ဝ၁၄ယောက်ရှိခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ကြေညာပါတယ်။ ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း မြန်မာနိုင်ငံမှာ ၁၉၇၂၂၇ ယောက်ရှိသွားပါပြီ။

ကပ်ရောဂါ တတိယလှိုင်းကာလအတွင်း ရောဂါကူးစက်မှုတွေ မြင့်မားနေလို့ နေအိမ်မှာပဲ နေထိုင်ကြဖို့ ကန့်သတ်ချက် ထုတ်ပြန်ထားတဲ့ မြို့နယ်ပေါင်း အခုဆို ၇၄မြို့နယ်ရှိသွားပါပြီ။ မနေ့ကပဲ ၁၁ မြို့နယ်ထပ်တိုးလိုက်တာပါ။ အဲဒီမြို့နယ်တွေကတော့ ကချင်ပြည်နယ်က ဗန်းမော်နဲ့ မြစ်ကြီးနားမြို့နယ်၊ ကရင်ပြည်နယ်က မြဝတီမြို့နယ်၊ စစ်ကိုင်းတိုင်းမှာ စစ်ကိုင်းနဲ့ မုံရွာမြို့နယ်၊ မကွေးတိုင်းက မကွေးမြို့နယ်၊ ရှမ်းပြည်နယ်ထဲမှာ သီပေါ၊ မူဆယ်နဲ့ တာချီလိတ်မြို့နယ်၊ ဧရာဝတီတိုင်းထဲက ဟင်္သာတနဲ့ ကန်ကြီးတောင့် မြို့နယ်တွေဖြစ်ပါတယ်။

ရောဂါကူးစက်မှုတွေ ထိန်းချုပ်နိုင်အောင်ဆိုပြီး တနိုင်ငံလုံးမှာရှိတဲ့ အခြေခံပညာ ကျောင်းတွေအားလုံးကို ပြီးခဲ့တဲ့အပတ်ကစပြီး ဇူလိုင်လ ၂၃ ရက်နေ့အထိ နှစ်ပတ်ကြာ ပိတ်ထားပါတယ်။ မြန်မာနိုင်ငံရဲ့ အကြီးဆုံးအကျဉ်းထောင်ဖြစ်တဲ့ အင်းစိန်းထောင်ကိုလည်း ဇူလိုင်လ ၂၁ ရက်နေ့အထိ အသွားအလာကန့်သတ်မှု လော့ဒေါင်း နှစ်ပတ် လုပ်ထားပါတယ်။

ကိုဗစ်ရောဂါ ကူးစက်ခံထားရသူတွေအတွက် အရေးတကြီးလိုအပ်တဲ့ အောက်စီဂျင်ဓာတ်ငွေ့တွေလည်း အလွယ်တကူ မရနိုင်ဘဲဖြစ်နေ ပါတယ်။ NLD အစိုးရလက်ထက် ကိုဗစ်ကပ်ရောဂါဖြစ်ပွားမှု ပထမလှိုင်းနဲ့ ဒုတိယလှိုင်းကာလတွေမှာ အစိုးရနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေတင်မကပဲ စေတနာ့ဝန်ထမ်း လူမှုကူညီမှုတွေက ရောဂါနှိမ်နင်းရေးမှာ တက်တက်ကြွကြွနဲ့ အများအပြားရှိခဲ့ပါတယ်။

အခု တတိယလှိုင်းကာလ အာဏာသိမ်း စစ်ကောင်စီလက်ထက်မှာတော့ ပြည်သူလူထုရဲ့ပါဝင်ကူညီမှုတွေ သိသိသာသာ နည်းပါးနေသလို ထောင်နဲ့ချီတဲ့ ကျန်းမာရေးဝန်ထမ်းတွေကလည်း စစ်တပ်က အာဏာသိမ်းတာကို မကျေနပ်လို့ အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်နေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့