အာဏာသိမ်းနှစ်နှစ်အတွင်း ကျန်းမာရေးဝန်ထမ်း ၇၀ နီးပါး သတ်ဖြတ်ခံရ

RFA Burmese
2023.03.02
အာဏာသိမ်းနှစ်နှစ်အတွင်း ကျန်းမာရေးဝန်ထမ်း ၇၀ နီးပါး သတ်ဖြတ်ခံရ ရန်ကုန်မြို့ တရုတ်သံရုံးရှေ့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြခဲ့ကြသည့် ကျန်းမာရေးဝန်ထမ်းများအား ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က တွေ့ရစဉ်။
RFA

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး နှစ်နှစ်အတွင်းမှာပဲ ကျန်းမာရေးဝန်ထမ်း ၇၀ နီးပါး သတ်ဖြတ်ခံခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အာဏာသိမ်းနှစ်နှစ်အတွင်း ဖမ်းဆီးခံထားရတဲ့ ကျန်းမာရေးဝန်ထမ်းပေါင်း ၉၀၀၊ ထိခိုက်ဒဏ်ရာရတဲ့ ကျန်းမာရေးဝန်ထမ်း ၇၈၀ နဲ့ ဖျက်ဆီးခံခဲ့ရတဲ့ ဆေးရုံ၊ ဆေးခန်း ၁၆၀ ကျော်အထိ ရှိခဲ့တယ်လို့ NUG ရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ပြောထားပါတယ်။

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလထဲမှာ ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ အေးမြသာယာတိုက်နယ် ဆေးရုံက CDM သူနာပြု ဆရာမ ဒေါ်မေဇွန်မိုးနဲ့ ချင်းပြည်နယ်၊ ဖလမ်းပြည်သူ့ဆေးရုံက CDM အထက်တန်းသူနာပြု ဆရာမ ဒေါ်သဲသဲဝင်း တို့ကို စစ်ကောင်စီတပ်က ဖမ်းဆီး သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

CDM Medical Network တာဝန်ခံ ဒေါက်တာစစ်မင်းနိုင်ကတော့ နိုင်ငံတစ်ဝန်းက ကျန်းမာရေး CDM ဝန်ထမ်းတွေဟာ သူတို့ရဲ့ ဘေးကင်းလုံခြုံမှုမရှိတဲ့အပြင် အချိန်မရွေး ဖမ်းဆီးခံရနိုင်တဲ့အခြေအနေမှာ ရှိတယ်လို့ RFA ကို ပြောပါတယ်။

အခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်ကလည်း မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲက ဗဟင်းတိုက်နယ် ဆေးရုံကို လေကြောင်း တိုက်ခိုက်ခဲ့လို့ ဆေးရုံအနီးမှာနေထိုင်တဲ့ အသက် ၆၂ နှစ်အရွယ် ဒေါ်ကြည်သေဆုံးခဲ့သလို ဆေးရုံ အဆောက်အအုံလည်း ပျက်စီးခဲ့ပါတယ်။

ဒီ့အပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းမှာပဲ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်နဲ့ အရာတော် မြို့နယ်တွေမှာလည်း ကျေးလက်ကျန်းမာရေးဌာနခွဲပါအဝင် ဆေးရုံနဲ့ ဆေးပစ္စည်းတွေ လည်း မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ NUG က ပြောပါတယ်။

စစ်ကောင်စီဟာ ကျန်းမာရေးကဏ္ဍအပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်နေ တာက ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်၊ ဂျီနီဗာကွန်ဗန်းရှင်း၊ နိုင်ငံတကာ ဥပဒေနဲ့ ပြည်တွင်းဥပဒေတွေကိုလည်း ချိုးဖောက်နေတာဖြစ်တယ်လို့ NUG က ဆိုပါတယ်။

စစ်ကောင်စီဘက်ကတော့ ဒီစွပ်စွဲချက်နဲ့ပတ်သက်လို့ တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုထားတာ တော့ မရှိပါဘူး။

စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ ကျန်းမာရေးကဏ္ဍမှာ CDM လုပ်ခဲ့သူတွေဟာ လွဲမှားတဲ့နိုင်ငံရေးအမြင်နဲ့ မဟုတ်မမှန် သွေးထိုးလှုံ့ဆော်မှုတွေကြောင့် ဖြစ်တယ်လို့ ၂၀၂၃ ခုနှစ်၊ ဇန်ဝါရီလ ၃၁ ရက်နေ့ကပြုလုပ်တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေးမှာ ပြောဆိုထားပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်း အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) မှာ ပါဝင်တဲ့ ကျန်းမာရေးဝန်ထမ်း ၄၆,၀၀၀ ကျော်ရှိတယ်လို့ CDM Medical Network ရဲ့ စာရင်း တွေမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။