စစ်ကိုင်းတိုင်း ကလေးမြို့ဟာ ကိုဗစ်ကပ်ရောဂါဒဏ် အဆိုးဆုံးခံနေရတဲ့ မြို့တွေထဲက တစ်မြို့ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မေလဆန်းပိုင်းကနေ ဇူလိုင်လကုန်အထိ သေဆုံးတဲ့သူ ၇၃ ယောက် ရှိခဲ့ပါတယ်။ ဒါပေမဲ့ ဒီသြဂုတ် လဆန်းပိုင်းကစပြီး သေဆုံးနှုန်းတွေ သိသိသာသာကျဆင်းလာတယ်လို့ ကလေးမြို့ အခြေစိုက် အမည်မဖော် လိုတဲ့ နာရေးပရဟိတ ဝန်ထမ်းတစ်ဦးက RFA ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လလယ်လောက်ကစပြီး ဇူလိုင်လဆန်းလောက်အထိ ကလေးမြို့က ရပ်ကွက်၊ လမ်းတိုင်းလိုလိုမှာ Covid 19 ကြောင့် နာရေးဖြစ်တဲ့အိမ်တွေ ရှိခဲ့တာဖြစ်ပါတယ်။ သေဆုံးနှုန်းတွေ တော်တော်များခဲ့တာမို့ မြို့ပေါ် က သေဆုံးစာရင်းတွေကိုသာ ကောက်ယူနိုင်ခဲ့ပြီး ကျေးရွာတွေက စာရင်းတွေကိုတော့ ကောက်ယူနိုင်ခြင်းမရှိ ခဲ့ဘူးလို့ ပရဟိတအဖွဲ့တွေက ပြောပါတယ်။
Covid 19 ကူးစက်နှုန်းတွေမပြန့်အောင် ကိုယ့်အသိစိတ်နဲ့ နေအိမ်တွေမှာပဲ နေထိုင်ကြတာ၊ ကျန်းမာရေး ဝန်ထမ်းတွေက နေအိမ်တွေအထိ လိုက်လံကုသပေးတာ၊ ဆေးဝါးနဲ့ အစားအသောက် လိုအပ်ချက်၊ ရောဂါပိုးရှိ၊ မရှိ စစ်ဆေးပေးတဲ့စင်တာတွေ စတဲ့ ကိုယ်ထူကိုယ်ထစနစ်နဲ့ မြို့ခံတွေ စုပေါင်းကြိုး စားခဲ့ကြလို့ ခုလို သေဆုံး နှုန်းတွေ ကျဆင်းခဲ့ရတာလို့ ဒေသခံတွေနဲ့ ပရဟိတလုပ်နေသူတွေက ပြောကြပါတယ်။
ရောဂါရဲ့သဘောသဘာဝအရ အမြင့်ဆုံးရောက်ပြီးရင်တော့ တဖြေးဖြေးပြန်ကျလာတာပဲလို့ ကလေးမြို့ ပြည်သူ့ဆေးရုံက ဒေါက်တာ ကျော်ဇင်မင်းက ပြောပါတယ်။
ခုလို သေဆုံးနှုန်းလျော့ကျသွားပေမယ့်လည်း မြို့ပေါ်နဲ့ ကျေးရွာတွေမှာ Covid 19 ကူးစက်မှုနှုန်းတွေ ဆက်ရှိနေတုန်းမို့ လူနာတွေအတွက် အောက်ဆီဂျင်ကတော့ လိုအပ်နေဆဲပဲလို့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပရဟိတဝန်ထမ်းတွေက ပြောပါတယ်။
"အောက်ဆီဂျင်ရှာတဲ့ဥစ္စာနဲ့ ဖြည့်ခနဲ့က ငါးထောင် တစ်သောင်းကြားရှိတယ်ဗျ"
လူဦးရေလေးသိန်းခန့်နေထိုင်တဲ့ ကလေးမြို့မှာတော့ ပရဟိတအဖွဲ့တွေဆီ ပြည်သူတစ်ချို့က လှူဒါန်းထားတဲ့ အောက်ဆီဂျင်အိုးတွေရှိပေမယ့်လည်း လိုသလောက်မဖြန့်ပေးနိုင်တာ၊ အောက်ဆီဂျင်ဖြည့်ဖို့အတွက် တိုကင် ယူစောင့်နေပေမယ့်လည်း ရဖို့မသေချာသေးတာ၊ အောက်ဆီဂျင်အိုးတွေ ဝယ်မယ်ဆိုရင် ဝယ်လို့တောင် မရတော့တဲ့အထိ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
Oxygen Concentrator တစ်လုံးကို တစ်ရက် နှစ်သောင်းနဲ့ ပေးငှားခဲ့ရတာတောင် ကံကောင်းလို့ ရခဲ့တာလို့ ကလေးမြို့ခံ ကိုမင်းသူက ပြောပါတယ်။
“စက်ကတော့ ဘေးနားအိမ်တစ်ယောက်က သေဆုံးသွားလို့ အဲစက်ရလိုက်တာဗျ။ ဘေးနားက အခု လောလောဆယ် ရှုနေတာသေဆုံးသွားလို့အဲစက်ရလိုက်တာ အဲ့ဒီစက်ကို ကျနော်တို့ဌားထားလိုက်ရ တာ တစ်ရက်ကိုအဲ့ကောင်က အောက်ဆီဂျင်စက်ငှားထားတာကနှစ်သောင်း တစ်ရက်ကို နှစ်သောင်း နဲ့ ဌားထားရတာဗျ။ ဘေးနားကလဲ ဆိုက်တွဲခတို့အောက်ဆီဂျင်ရှာတဲ့ဥစ္စာနဲ့ ဖြည့်ခနဲ့က ငါးထောင် တစ်သောင်းကြားရှိတယ်ဗျ”
ကလေးမြို့ဆေးရုံမှာ ကျန်းမာရေးလုပ်သားအင်အားနည်းနေတာနဲ့ အောက်ဆီဂျင်လည်း မလုံလောက်တာမို့ လူနာတွေကို အများအပြား လက်ခံကုသမပေးနိုင်ပါဘူး။
ဒါကြောင့် ပရဟိတလုပ်ပေးနေသူတွေက ကလေးမြို့ပေါ်မှာ ကုသရေးစင်တာ ၄ ခုဖွင့်ထားပြီး လက်ရှိ အတည်ပြုလူနာ တစ်ရာကျော်ကို ကုသပေးနေရပါတယ်။ အဲဒီစင်တာတွေဆီ မသွားနိုင်တဲ့ သူတွေကတော့ နေအိမ်မှာတင်ပဲ ကျန်းမာရေးဝန်ထမ်းတွေ လာကုသပေးမှာကို စောင့်နေကြရပါတယ်။
ရန်ကုန်၊ မန္တလေး မုံရွာတို့မှာရှိတဲ့ အောက်ဆီဂျင်စက်ရုံတွေကဆင့် ဝယ်ယူရတာကြောင့် လမ်းပန်းဆက် သွယ်ရေး အခက်ခဲရှိပြီး ကလေးမြို့ကိုရောက်ဖို့ တစ်ပတ်ကျော်ထိကြာတတ်တယ်လို့ ပရဟိတအသင်းတွေက ပြောကြပါတယ်။

ပြီးခဲ့တဲ့တစ်ပတ်ကအထိ ကလေးမြို့မှာ Covid 19 အတည်ပြုလူနာ သုံးထောင်လောက်အထိရှိခဲ့လို့ သူတို့အတွက် အောက်ဆီဂျင်က လိုအပ်နေဆဲပဲလို့ ကာယကံ မေတ္တာအသင်းက လူငယ်ခေါင်းဆောင် ကိုဆောင်းသက်လယ်က ပြောပါတယ်။
“လိုအပ်ချက်ကတော့ အများကြီးပေါ့ဗျာ။ ကျနော်တို့ အခုသုံးထောင်စာကြီး မပေးနိုင်ဘူး။ တစ်ခါ တစ်ခါပေးမှ အယောက်ကိုးဆယ်စာ ဒါတောင်လူနာတစ်ယောက်အတွက် တစ်လုံး အဲလိုမျိုး။ တစ်ခါ တစ်ခါကျရင်လည်း လူနာတစ်ဦးတည်းကိုက ငါးလုံးလောက်ရှိသွားတဲ့ဟာတွေရှိတယ်။ အဲလိုဆိုတော့ ခန့်မှန်းခြေက ပြောပြလို့မရဘူး။ အဓိကကတော့ အောက်ဆီဂျင် လိုအပ်နေတာကတော့ အကုန်လုံးလည်း သိနေကြတာပဲ။ အခက်ခဲကတော့နယ်မြို့ဆိုတော့ စက်ရုံဟိုပေါ့ ရန်ကုန်တွေလို ကျနော်တို့က စက်ရုံ အကြီးကြီးတွေလည်းမရှိတော့ နည်းနည်းတော့ ဒုက္ခရောက်တာပေါ့ဗျာ’’
စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက သြဂုတ် ၆ ရက်နေ့ထုတ်ပြန်ချက်အရ ကလေးမြို့မှာ ဓာတ်ခွဲ အတည်ပြုလူနာ တစ်ယောက်ပဲရှိတယ်လို့ ဖော်ပြထားပါတယ်။ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်နဲ့ မြေပြင်မှာ တကယ့်လက်တွေ့ ပိုးတွေ့လူနာနဲ့ သေဆုံးရတဲ့သူ အရေအတွက် ကွဲလွဲမှုတွေအများကြီး ရှိနေ တယ်လို့ အကူအညီပေးရေးအဖွဲ့တွေက ပြောဆိုနေကြပါတယ်။