လိုင်ဇာမြို့မှာ ၁၂ ရက်အတွင်း ကိုဗစ်ကူးစက်သူ ၂၆၀၀ အထိတိုးလာ

2021.11.15
Share on WhatsApp
Share on WhatsApp
လိုင်ဇာမြို့မှာ ၁၂ ရက်အတွင်း ကိုဗစ်ကူးစက်သူ ၂၆၀၀ အထိတိုးလာ ကချင်ပြည်နယ်က ကေအိုင်အိုထိန်းချုပ်ရာ လိုင်ဇာမြို့မှာ ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးရန် နှာခေါင်း၊ အာခေါင်တို့ပတ် ယူနေစဉ်
Photo: The Kachinnet

ကချင်ပြည်နယ်က ကေအိုင်အိုထိန်းချုပ်ရာ လိုင်ဇာမြို့မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက် ကူးစက်မှုတွေ များလာ နေပြီး နိုဝင်ဘာလ ၂ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ ပိုးစက်သူ ၂၆၀၀ အထိရှိနေတယ်လို့ ကေအိုင်အို ကိုဗစ်ရောဂါ ကာကွယ်နှိမ်နင်းရေးကော်မတီက ထုတ်ပြန်ပါတယ်။

လိုင်ဇာမြို့မှာ ပြီးခဲ့တဲ့ ဇူလ၊ ဩဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာလတုန်းက ပိုးတွေ့သူ ၃၀ အောက်သာ ရှိခဲ့တာပါ။

အဲဒီအထဲမှာ စစ်ဘေးဒုက္ခသည် ကလေးတွေအတွက် အဓိကရည်ရွယ်ပြီး ဖွင့်ထားတဲ့ အလျဲန်ဘွမ် (Alen Bum) အထက်တန်းကျောင်းမှာ ပိုးကူးစက်ခံရသူ ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသူ၊ ကျောင်းသားပေါင်း ၉၀၀ ကျော် ရှိပါတယ်။

ပိုးတွေ့သူများလာတဲ့အတွက် စာသင်ကျောင်းကို လော့ဒေါင်းချထားတယ်လို့ အလျဲန်ဘွမ် (Alen Bum) ကျောင်းက လက်ထောက်ကျောင်းအုပ်ဖြစ်သူ ဆရာမ ဆိုင်းခေါန်က RFA ကို ပြောပါတယ်။

“အခု ကျန်းမာရေးအခြေအနေက အရမ်းဆိုးရွားတဲ့ အနေအထားတော့ မရှိသေးဘူး။ အားလုံးလိုလိုပဲ နည်းနည်းအဖျားတက်တယ်။ လည်ချောင်းနာတာတို့၊ အနံ့ပျောက်တာတို့၊ အရသာမရှိတာတို့၊ အရသာ မတွေ့သေးတာတို့တော့ရှိတယ်။ ဒါပေမဲ့ အရမ်းကြီး အသက်ရှူကြပ်တာတို့၊ မောတာတို့တော့ သိပ်မရှိဘူး၊ ပြီးလို့ရှိရင် ဒီမှာလည်း ဆရာဝန်၊ သူနာပြုတွေလည်း ရှိတာဆိုတော့လေ ဆေးတွေလည်း သူတို့ ပေးနေတဲ့ ဟာတွေလည်းရှိတယ်”

အခုလက်ရှိမှာတော့ ကေအိုင်အို ကျန်းမာရေးဝန်ထမ်းတွေနဲ့ CDM ဆရာဝန်တွေက ကူညီစောင့်ရှောက်နေကြ တယ်လို့ ဆိုပါတယ်။

"ကာကွယ်ဆေး ထိုးထားပြီးသားလူတွေလည်း ပိုးတွေ့တာတွေရှိတယ်"

အခု ကိုဗစ်ကူးစက်ခံရသူတွေထဲမှာ ကာကွယ်ဆေး ထိုးထားတဲ့သူတွေလည်း ပါဝင်ပါတယ်။

လိုင်ဇာမြို့မှာ နေထိုင်တဲ့ ဦးမျိုးစော့်ဘောက်ဟာဆိုရင် ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်ထိုးထားသူပါ။ သူလည်း အခု ကိုဗစ်ကူးစက်ခံနေရလို့ နေအိမ်မှာ သီးသန့်နေထိုင်ပြီး ဆေးကုသမှုခံယူနေတာ တစ်ပတ်လောက်ရှိပါပြီ။

ဒါပေမဲ့ သူက ချောင်းဆိုးနှာစေးတာနဲ့ အနံ့အရသာပျောက်နေတာကလွဲလို့ အခြားပြင်းထန်တဲ့ ဝေဒနာ မခံစား ရဘူးလို့ ဦးမျိုးစော့်ဘောက် က ပြောပါတယ်။

“ကာကွယ်ဆေး ထိုးထားပြီးသားလူတွေလည်း ပိုးတွေ့တာတွေရှိတယ်၊ ဒါပေမဲ့ ကျွန်တော်ကြားသလောက် က အများကြီး ဆိုးဆိုးဝါးဝါးကြီး ခံစားရတယ်လို့တော့ မကြားဖြစ်ဘူး။ ကျွန်တော်ဖြစ်သလိုပဲ အဲလိုမျိုး နှာစေးချောင်းဆိုလိုမျိုးပေါ့၊ အဲလိုမျိုးတော့ဖြစ်တယ် အနံ့အရသာပျောက်တာတွေရှိတယ်။ ညဆိုရင် အိပ် မပျော်တာတွေရှိတယ်လို့တော့ပြောတယ်”

ဆေးဝါးနဲ့ပတ်သက်ပြီးမှတော့ သက်ဆိုင်ရာက သတ်မှတ်ထားတဲ့ ရပ်ကွက်တိုင်းမှာ ကြည့်ပေးတဲ့ ဆရာဝန် တွေရှိပြီး အဲဒီဆရာဝန်တွေနဲ့ အွန်လိုင်း၊ ဖုန်းတွေနဲ့ အဆက်အသွယ်လုပ်ပြီးတော့ ဆရာဝန် ညွန်ကြားတဲ့ဆေး တွေကို ရပ်ကွက်က စေတနာ့ဝန်ထမ်းတွေက နေအိမ်ထိ လိုက်ပို့တာဖြစ်တယ်လို့လည်း ကိုမျိုးစော့်က ဆိုပါတယ်။

ကိုဗစ်ကူးစက်ခံရသူတွေကို နေအိမ်မှာ အခြေအနေစောင့်ကြည့်ပြီး နေအိမ်မှာ သီးသန့်နေထိုင်ဖို့ အဆင်ပြေရင် ကေအိုင်အိုက သတ်မှတ်ထားတဲ့ ကုသစင်တာကိုသွားပြီး ကုသရတာဖြစ်ပါတယ်။

လိုင်ဇာမြို့မှာ အခုလို ကိုဗစ်ကူးစက်မှုနှုန်းတွေ တဟုန်ထိုးမြင့်တက်လာနေတာဟာ လူဦးရေများတဲ့ စစ်ဘေး ဒုက္ခသည်စခန်းက စတင်ကူးစက်ပြီး ပြန့်ပွားလာတာဖြစ်နိုင်သလို လိုင်ဇာမြို့ရဲ့ ပထဝီအနေအထားအရ လေဝင်လေထွက် မကောင်းတဲ့အတွက်လည်း ပိုးကူးစက်မြန်တာလည်း ဖြစ်နိုင်တယ်လို့ ကေအိုင်အို တာဝန်ရှိ သူတွေက ပြောပါတယ်။

ကေအိုင်အိုအနေနဲ့ ရောဂါပြင်းထန်သူတွေအတွက် အထူးကြပ်မတ်ကုသခန်းတွေကိုပါ အဆင်သင့် လုပ်ထား တယ်လို့ ကေအိုင်အေအို သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ က ပြောပါတယ်။

“အခုလောလောဆယ်ကတော့ သိပ်ပြီးမှ ပြင်းထန်တာတော့ မပါဘူး၊ ဒါပေမဲ့ အသက်ကြီးတဲ့ ၈၀ ကျော် တာတွေပေါ့နော် ၈၀ ကျော် ၇၀ ကျော်တဲ့ ဒီအဖွားကြီးတွေ၊ အဖိုးကြီးတွေကိုတော့ ကျွန်တော်တို့ စိုးရိမ်မှု ကြောင့် ICU မှာလည်း ဆင့်သင့်လုပ်ထားတာတော့ ရှိပါတယ်။ အောက်ဆီဂျင်တွေ ပေးရတဲ့အဆင့်ကတော့ နှစ်ယောက်လား မသိဘူးပါပါတယ်။ အခုလောလောဆယ်ဆယ်တော့ သူတို့လည်း ထပ်ပြီးတော့ ဆိုးဝါး တာတော့ မရှိပါဘူး။ ထိန်းနိုင်တဲ့အနေအထားလောက်ပဲဖြစ်ပါတယ်”

ကိုဗစ်ပိုးတွေ့လူနာတွေ များလာလို့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂ ရက်နေ့ကစပြီး လိုင်ဇာမြို့ အဝင်အထွက် အားလုံး ကို ပိတ်ထားတယ်လို့လည်း ဆိုပါတယ်။

လိုင်ဇာမြို့မှာ အခုအချိန်မှာ အရင်ကပြင်ဆင်ထားတဲ့ ကိုဗစ်ကုသရေးစင်တာတွေမှာ နေရာမလုံလောက်တော့ တဲ့အတွက် မြို့ပေါ်က ခန်းမအလွတ်တွေမှာ ပိုးတွေ့လူနာတွေကိုထားပြီး ကုသနေကြရတယ်လို့ ဒေသခံတွေ က ပြောပါတယ်။

kia-covid.jpeg
(ကေအိုင်အိုထိန်းချုပ်ရာနယ်မြေမှာ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးနေတာကို တွေ့ရစဥ်) Photo: The Kachin Net

လိုင်ဇာမြို့က ကိုဗစ် လူနာတွေကို တရုတ်ဘက်က လူကိုယ်တိုင် လာရောက်ကူညီတာမရှိပေမယ့် ကာကွယ် တိုက်ဖျက်ရေးမှာသုံးတဲ့ ဆေးဝါးနဲ့ပစ္စည်းတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို ကူညီတာတွေရှိတယ်လို့လည်း ဆိုပါတယ်။

လိုင်ဇာမြို့မှာ စစ်ဘေးဒုက္ခသည်တွေ အပါအဝင် လူဦးရေ ၁၄၀၀၀ ခန့်နဲ့ မိုင်ဂျာယာန်ဘက်မှာ လူပေါင်း ၁၂၀၀၀ ခန့် ကို ကိုဗစ် -၁၉ ကာကွယ်ဆေး ထိုးနှံထားတယ်လို့ ကေအိုင်အို တာဝန်ရှိသူတွေက ပြောပါတယ်။

လက်ရှိအချိန်မှာတော့ ဖြစ်တဲ့သူတွေကိုတော့ ထိန်းချုပ်နိုင်တဲ့ အနေအထားဖြစ်ပေမယ့် နောက်ထပ်ပြန်ဖြစ် လာတာကိုတော့ ရပ်တန့်တဲ့အနေအထားရောက်အောင်တော့ မထိန်းချုပ်သေးဘူးလို့လည်း ဆိုပါတယ်။

ကေအိုင်အို ထိန်းချုပ်နယ်မြေ မိုင်ဂျာယာန်မှာလည်း ပြည်သူတွေ၊ ကျောင်းသားတွေ၊ ဒုက္ခသည်တွေဆီမှာ ပြီးခဲ့တဲ့ ဇူလိုင်လကတည်းက ကိုဗစ် ပိုးတွေ့လူနာများပြားခဲ့ပြီး ဇူလိုင်လကနေ အောက်တိုဘာလအထိ ပိုးတွေ့လူနာ ၂၀၀၀ ကျော်အထိရှိခဲ့ပါတယ်။

အခုလိုင်ဇာမှာလည်း လူဦးရေထောင်ချီရှိတဲ့ ဝိုင်ကြိုင်း စစ်ဘေးဒုက္ခစခန်း၊ ဂျေယန် စစ်ဘေးဒုက္ခသည်စခန်းက စစ်ဘေးဒုက္ခသည်တွေလည်း ကူးစက်ခံနေရတာဖြစ်ပါတယ်။

လိုင်ဇာ၊ မိုင်ဂျာယာန်အပါ ကေအိုင်အို ထိန်းချုပ်နယ်တစ်ခုလုံးမှာ နိုဝင်ဘာ ၁၄ ရက်နေ့ထိ ပိုးတွေ့ပြီး ဆေးကု သ ခံယူနေသူ ၃၃၀၀ ကျော်ရှိနေတယ်လို့ ကေအိုင်အို ကိုဗစ်ရောဂါ ကာကွယ်နှိမ်နင်းရေး ကော်မတီက ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

COMMENTS

ဆိုက်တခုလုံးသို့