မြန်မာရွှေ့ပြောင်းလုပ်သားတွေ အများဆုံးနေထိုင်တဲ့ မြန်မာ-တရုတ် နယ်စပ် တရုတ်နိုင်ငံ ကျယ်ဂေါင်လေး လမ်းမှာ အခုနှစ် မတ်လဆန်းပိုင်းက အပူချိန်မြင့်တဲ့ အမျိုးသမီးတစ်ဦးကို စတင်တွေ့ရှိခဲ့ပြီး အခု ဧပြီလ အထိ ရွှေလီ-ကျယ်ဂေါင်နယ်စပ်မြို့တွေမှာ ရောဂါပိုး တွေ့သူ တစ်ရာနီးပါးအထိ ရှိလာခဲ့တဲ့နောက် ကိုဗစ်ရောဂါ စစ်ဆေးမှုတွေကို တင်းတင်းကျပ်ကျပ် လုပ်လာခဲ့တယ်လို့ ကျယ်ဂေါင်မှာ ရောက်နေတဲ့ မြန်မာနိုင်ငံသား အချို့က RFA ကို ပြောပါတယ်။
လက်ရှိမှာ ဈေးဆိုင်တွေ အလုပ်ရုံတွေ အကုန်ပိတ်ထားရပြီး ရွှေလီနဲ့ ကျယ်ဂေါင်မှာ နေထိုင်သူအားလုံးကို ကိုဗစ် ရှိ၊ မရှိ စစ်ဆေးနေတယ်လို့ ကျယ်ဂေါင်မှာ နေထိုင်သူ တစ်ဦး က ပြောပါတယ်။
မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သားအများစုကတော့ အလုပ်မဖြစ်လို့ နေရပ်ပြန်နေကြတာရှိတယ်လို့ ကျယ်ဂေါင်မှာ နေထိုင်တဲ့ ကိုစန်းလွင် (အမည်လွှဲ လုံခြုံရေးအရ အမည်အရင်းမပြောလိုသူ) က ပြောပါတယ်။
“လောလောဆယ်မှာ ကျွန်တော်တို့ မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသားတွေ ပြန်တာက များပါတယ်ခင်ဗျ၊ နှစ်ဆယ့်တစ်ရက် ကျူဝင်ပြီးမှ ပြန်ရတာပေါ့၊ အိမ်ရှင်တွေက လှေဆိပ်ကနေတစ်ဆင့် ထွက်ခိုင်းတာခင်ဗျ၊ လောလောဆယ် လော့ဒေါင်းဖြစ်နေတော့ ထွက်သွားတဲ့သူ ဘယ်လောက်ရှိလဲ အတိအကျ မသိရဘူး ဖြစ်နေတာ ကျွန်တော်တို့ကိုယ်တိုင်လည်း ထွက်လို့မရဘူးဖြစ်နေတာ၊ လောလောဆယ် ကျူဝင်နေတဲ့ သူတွေလည်း အများကြီးကျန်သေးတယ်။ နောက်ပိုင်းမှာယူသွားတဲ့ဟာ နှစ်ဆယ့်တစ်ရက် မပြည့်သေး လို့လေ၊ နှစ်ဆယ့်တစ်ရက်ပြည့်ပြီးသားသူတွေကတော့ ပြန်ကြတာများတယ်ဗျ။”
နေရပ်ပြန်ကြသူတွေထဲမှာ ရွှေလီမှာ အလုပ်လုပ်ကြသူတွေက အများဆုံးဖြစ်ပြီး မန္တလေး၊ စစ်ကိုင်း၊ မုံရွာ စတဲ့ ဒေသတွေက လာရောက်အလုပ်လုပ်ကြသူတွေက များတယ်လို့ ပြောပါတယ်။
သူတို့တွေကို တရုတ်လုပ်ငန်းရှင်တွေက နယ်စပ်က တရားမဝင် စက်လှေဂိတ်တွေကို လိုက်ပို့ပေးကြတာ ဖြစ်လို့ တချို့ကလည်း လူစုပြီးပြန်ကြတယ်လို့ ပြောပါတယ်။
တရုတ်နယ်စပ်မှာ ၂၀၂၀ နှစ်ဆန်းပိုင်းအတွင်း ရောဂါစတင်မဖြစ်ခင်က မြန်မာနိုင်ငံကနေ သွားရောက် အလုပ်လုပ်ကိုင်သူ သုံးသိန်းကျော်အထိ ရှိနိုင်တယ်လို့ နယ်စပ်မှာနေထိုင်သူတွေက ခန့်မှန်းထားကြပါတယ်။
ကိုဗစ်ဖြစ်ပြီး မြန်မာနိုင်ငံသားတွေ အလုံးအရင်းနဲ့ နေရပ်ပြန်ခဲ့ကြသလို ၂၀၂၀ ဇန်နဝါရီက နယ်စပ် လူဝင် ဂိတ်ပေါက်တွေကို တရုတ်က ပိတ်လိုက်တဲ့နောက် လက်ရှိ တရုတ်နိုင်ငံမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား သောင်းဂဏန်းလောက်အထိပဲ ရှိနိုင်တော့တယ်လို့လည်း ခန့်မှန်းကြပါတယ်။
တရုတ်နိုင်ငံထဲ မတ်လမတိုင်ခင် ဝင်ရောက်လာသူတွေကို နေထိုင်ကြောင်း စာရွက်ထုတ်ပေးပြီး ကိုဗစ် စင်တာတွေကို ပို့ပြီး ရောဂါစစ်ပေးနေပေမယ့် အခုရက်ပိုင်း တရားမဝင်ခိုးပေါက်တွေကနေ ဝင်ရောက် လာသူတွေကိုတော့ လိုက်လံဖမ်းဆီးပြီး ဟိုတယ်တွေမှာ စုထားတယ်လို့ ရွှေလီမြို့မှာ နေထိုင်တဲ့ အမည်မဖော် လိုတဲ့ အလုပ်သမားအရေး ဆောင်ရွက်နေသူတစ်ဦးက RFA ကို ပြောပါတယ်။
“အရင်ခိုးဝင်တဲ့သူတွေဆိုရင် သူတို့က သုံလခံ နေထိုင်ခွင့် စာရွက်ကလေးတွေ ထုတ်ပေးတယ်၊ ခိုးဝင်ဝင်၊ မဝင်ဝင် ကျန်းမာရေးကတ်ပြား အဝါရောင်လေးတွေ ထုတ်ပေးထားတယ်၊ အဲ့အဝါလေးနဲ့ သူတို့က ဆယ့်နှစ်လပိုင်းအထိ တာဝန်ယူလိုက်တယ်၊ ဆယ်နှစ်လပိုင်းကျော်မှာ ဒီရောဂါ ထပ်ဖြစ်လာတယ်ဆိုတော့ အဲ့ဒီလူတွေလည်း အဲဒီကတ်ပြား ရှိရင် ဆေးစစ်လို့ရတယ်၊ ဒီကြားထဲမှာ ဝင်တဲ့သူတွေဆိုရင် ဆေးစစ်ပိုင်ခွင့် မရှိဘူး။ ဆေးစစ်မယ်ဆိုရင် အိမ်ရှင်တို့၊ လုပ်ငန်းရှင်တို့က တာဝန်ခံမှ ဆေးစစ်လို့ရတယ်၊ အခုလက်ရှိ ကတော့ အာခေါင်တို့ဖတ်မယူဘဲ ပုန်းနေတဲ့သူတွေ တစ်ကြိမ်ယူတယ်၊ နှစ်ကြိမ်ယူတယ်၊ ပြီးရင် ဆက်မယူဘဲ နေတဲ့သူတွေကို သူတို့လိုက်ရှာ ဖမ်းပြီးတော့မှ ဘယ်ကွာရန်တင်းစင်တာမှာထားပြီး ဘယ်လို လုပ်မလဲမသိဘူး၊ မြန်မာပြည်ဘက်ပို့မလား၊ တရုတ်ပြည်ထဲမှာပဲ ထားမလား၊ အဲဒီနှစ်ခုထဲက တစ်ခုခုပဲ မသိရသေးဘူး၊ မနေ့က မနက်ပိုင်းဆိုရင် ကျွန်တော်တို့နားမှာ ခြောက်ဦးမိသွားတာ”
အပြင်ထွက်ခွင့်မရှိတဲ့အတွက် စားသောက်စရာတွေကို ငွေကြေးပေးပြီး မှာယူ စားသောက်နေကြရတယ်လို့ ဆိုပါတယ်။
ငွေကြေးအခက်အခဲရှိတဲ့ ရွှေ့ပြောင်းလုပ်သားတွေအတွက် မြန်မာ အချင်းချင်းကပဲ ကူညီပေးနေကြရတယ်လို့ ကျယ်ဂေါင်မှာ နေထိုင်တဲ့ ကိုစန်းလွင်က ပြောပါတယ်။
နေရပ်ပြန် မြန်မာနိုင်ငံသားတွေဟာ နယ်စပ်ကျယ်ဂေါင်ကနေ မြန်မာဘက်အခြမ်း မူဆယ်ကို ဝင်ရောက် လာကြမှာဖြစ်လို့ ရောဂါပြန့်ပွားမယ့်အရေး ဒေသခံတွေကြား စိုးရိမ်မှုရှိနေပါတယ်။
၂၀၂၀ ဇန်နဝါရီလဆန်း တရုတ်နိုင်ငံမှာ ကိုဗစ်စဖြစ်ချိန် မူဆယ်ခရိုင် ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပရဟိတတွေ ဌာနဆိုင်ရာတွေက စုပေါင်း ထိန်းချုပ်နိုင်ခဲ့ကြလို့ ကိုဗစ်ရောဂါကူးစက်မှုကို ထိန်းနိုင်ခဲ့ပေမယ့် လက်ရှိ နိုင်ငံရေး အခင်းအကျင်းအရ မူဆယ်ဆေးရုံ ကျန်းမာ ရေးဝန်ထမ်းအားလုံးနီးပါး CDM မှာ ပါဝင်နေကြကြောင့် ရောဂါမထိန်းချုပ်နိင်မှာကို စိုးရိမ်နေကြတာ ဖြစ်ပါတယ်။
မူဆယ်ခရိုင် အုပ်ချုပ်ရေးတာဝန်ရှိသူကတော့ လက်ရှိမှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေ အလုံး အရင်းနဲ့ ဝင်ရောက်လာတာ မရှိသေးကြောင်းနဲ့ ဝင်ရောက်လာတာရှိရင်လည်း ယခင်အတိုင်း သီးခြားခွဲထားဖို့ (ကွာရန်တင်း ထားဖို့) စီစဉ် ထားတယ်လို့ ပြောပါတယ်။
“ကျွန်တော်တို့ကတော့ ယခင်ဆောင်ရွက်နေတဲ့အတိုင်းပါပဲ၊ ကွာရန်တင်းစင်တာတွေ ထားတယ်၊ အဲမှာ ထားမယ်၊ စစ်မယ်၊ နေရပ်ပြန်ပို့မယ်၊ လုပ်ငန်းစဉ်တွေကတော့ မပြောင်းပါဘူး၊ အဲဒီအတိုင်းပါပဲ ဆက်ရှိနေတုန်းပဲ၊ လောလောဆယ်တော့ တရုတ်ဘက်ကလည်း ပိတ်တော့ မြန်မာဘက်လည်းဝင် တဲ့လူ သိပ်မရှိပါဘူး၊ ကိုဗစ်ဖြစ်တည်းက နယ်စပ်တစ်လျှောက် တရုတ်ဘက်ကလည်း ခိုဝင်ခိုးထွက်ကိစ္စ သေချာ လုပ်နေတယ်။ ကျွန်တော်တို့ဘက်ကလည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး သေချာလုပ်နေတော့ အဲ့လိုမျိုးတော့ သိပ်မရှိပါဘူးခင်ဗျာ၊ ပရဟိတအဖွဲ့တွေလည်း ပူးပေါင်း ဆောင်ရွက်ကြတာရှိသလို ဝင်လာရင်လည်း တရုတ်ဘုံကျောင်းနဲ့ စာသင်ကျောင်းမှာထားဖို့ စီစဉ်ထားတာရှိပါတယ်၊ လောလောဆယ် တော့ ဝင်လာတာ မရှိသေးတော့ အဖွဲ့တွေလည်း အေးဆေးပါပဲခင်ဗျ။”
မြန်မာနိုင်ငံက ရွှေ့ပြောင်းလုပ်သားတွေဟာ တရုတ်နယ်စပ်တွေဖြစ်တဲ့ မူဆယ်၊ နမ့်ခမ်း၊ ကိုးကန့်ဒေသ ချင်းရွှေဟော်၊ လောက်ကိုင်၊ ကချင်ပြည်နယ် မန်စီ၊ လွယ်ကျယ်၊ ဝဒေသ၊ မိုင်းလားဒေသတွေကနေ နှစ်စဉ် တရုတ်နိုင်ငံကို လူဦးရေ သိန်းနဲ့ချီပြီး သွားရောက် အလုပ်လုပ်နေကြတာပါ။
တရုတ်မှာ ကိုဗစ်ဖြစ်ပြီးတည်းက လတိုင်းလိုလို နေရပ်ကို ပြန်နေကြတာပါ။ တရုတ်က အဝင်ကို ပိတ်ထားတဲ့ အတွက် ပြန်လာသူအများစုဟာ တရုတ်နယ်စပ်ကို ထပ်မံသွားရောက်အလုပ်လုပ်နိုင်တာ မရှိသေးပါဘူး။
မြန်မာရွှေ့ပြောင်းလုပ်သားတွေ အများဆုံး အလုပ်လုပ်ကြတဲ့ ကိုးကန့်ဒေသ လောက်ကိုင်မြို့၊ ချင်းရွှေဟော်မြို့ နဲ့ တရုတ် နမ့်စန်မြို့ လင်ချန်းခရိုင် မိန်တိန်းမြို့တွေကို ဆက်သွယ်ထားတဲ့ နယ်စပ်ဂိတ်တွေကိုလည်း အခုလ ၁၈ ရက်ကစပြီး တရုတ်ဘက်က ပိတ်လိုက်တယ်လို့ နယ်စပ်မှာနေထိုင်တဲ့ ဒေါ်ဖြူဖြူခိုင်က ပြောပါတယ်။
အဲဒီနယ်စပ်မှာ အလုပ်လုပ်တဲ့ မြန်မာနိုင်ငံသားတွေတော့ အရင် ကိုဗစ်ကြောင့် အများစု နေရပ်ပြန်သွားကြပြီ ဖြစ်ပြီး လက်ရှိ ရှိနေတဲ့သူတွေကတော့ နေရပ်ပြန်ကြတာ မရှိသေးဘူးလို့ သူကပြောပါတယ်။