အရှေ့တောင်အာရှနိုင်ငံတချို့မှာ တရုတ်ကာကွယ်ဆေးအစား အနောက်တိုင်းဆေး ပြောင်းလဲထိုးနှံ

ကိုဗစ်တတိယလှိုင်းဝင်ချိန်မှာ တတ်နိုင်သူတွေက ငွေကုန်ကြေးကျခံပြီး တန်ဖိုးကြီးတဲ့ ကာကွယ်ဆေး ထိုးနိုင်ပေမယ့် ရွေးချယ်စရာ မရှိသူတွေအဖို့ စစ်ကောင်စီက စီစဉ်ပေးတဲ့ တရုတ်နိုင်ငံလုပ် ကာကွယ်ဆေးကိုပဲ အားကိုးရချိန်မှာ တချို့အရှေ့တောင်အာရှ နိုင်ငံတွေဟာ တရုတ်ဆေးကနေ အနောက်တိုင်းထုတ် ကာကွယ်ဆေးတွေကို ပြောင်းလဲထိုးနှံပေးနေကြပါတယ်။

အင်ဒိုနီးရှားနဲ့ ထိုင်းနိုင်ငံလို နိုင်ငံတွေဟာ တရုတ်နိုင်ငံထုတ် ဆီနိုဗက် (Sinovac) ဆေးကို ထိုးနေရင်းက Delta Variant မျိုးစိတ် ကူးစက်လာတဲ့အခါ ကျန်းမာရေးစနစ် မနိုင်မနင်းဖြစ်လာရပြီး အနောက်တိုင်းက ထုတ်လုပ်တဲ့ ကာကွယ်ဆေးတွေ ဘက်ပြောင်းကြတယ်လို့ ဒီလ ၁၁ ရက်နေ့ထုတ် ဝါရှင်တန်ပို့စ် အမေရိကန်သတင်းစာက ဖော်ပြပါတယ်။

"WHO ကလည်း အသက်ကြီးသူတွေ ဆီနိုဗက် (Sinovac) ထိုးဖို့ ထောက်ခံမထားပါဘူး"

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ခု လူ တသန်းကျော် သေဆုံးရတဲ့ အင်ဒိုနီးရှားနိုင်ငံမှာ ဆီနိုဗက် (Sinovac) အာနိသင်နဲ့ ပတ်သက်လို့ ဇွန်လကစ သံသယဖြစ်လာတယ်လို့ ဆိုပါတယ်။ ဆေးနှစ်ကြိမ်ထိုးပြီးသား အင်ဒိုနီးရှား ဆရာဝန် ၂၀ ထက်မနည်း ကိုဗစ်-၁၉ နဲ့ ကွယ်လွန်တယ်လို့ အင်ဒိုနီးရှား ဆေးဘက်ဆိုင်ရာအသင်းကလည်း ပြောပါတယ်။

2021-02-05T070755Z_906852999_RC27ML9LFWPX_RTRMADP_3_INDONESIA-VACCINE-ROLLOUT.JPG
An Indonesian healthcare worker receives a dose of Sinovac's vaccine for coronavirus disease (COVID-19) in Sleman, Yogyakarta အင်ဒိုနီးရှားနိုင်ငံမှာ ၂ဝ၂၁ ဇန္နဝါရီလက တရုတ်နိုင်ငံထုတ် ဆီနိုဗက် (Sinovac) ကာကွယ်ဆေး ထိုးနှံပေးနေသည့် မြင်ကွင်းတစ်ခု။ (File Photo: AFP) (ANTARA FOTO/via REUTERS)

ဇွန် ၁ ရက်မှာ တရုတ်နိုင်ငံထုတ် ဆီနိုဗက် (Sinovac) နဲ့ဆီနိုဖမ်း (Sinopharm)ကို အရေးပေါ်သုံးနိုင်တယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထောက်ခံထားတာပါ။ ဆီနိုဗက် (Sinovac) ဟာ Delta Variant ကို ၅၀ ရာခိုင်နှုန်း ကာကွယ်နိုင်ပြီး ဆီနိုဖမ်း (Sinopharm)က ကာကွယ်နိုင်စွမ်းရှိ-မရှိ အတည်မပြုနိုင်ဘူးလို့ မြန်မာဆရာဝန်တဦးက သုတေသနလုပ်ထားပါတယ်။ သူ့သုတေသနမှာ ဆီနိုဗက် (Sinovac) ကို အသက် ၁၈ နှစ်က ၆၀ ရွယ်ထိထိုးနိုင်တယ်ပြောပါတယ်။ WHO ကလည်း အသက်ကြီးသူတွေ ဆီနိုဗက် (Sinovac) ထိုးဖို့ ထောက်ခံမထားပါဘူး။

Delta ဗီဇမျိုးပြောင်းဗိုင်းရပ်စ်ဟာ Alpha မျိုးစိတ်ထက် ကူးစက်နှုန်း ၄၀ ရာခိုင်နှုန်း ကနေ ၆၀ ရာခိုင်နှုန်း ပိုမြန်ပြီး တရုတ်နိုင်ငံ ဝူဟန်မြို့မှာ စတင်ဖြစ်ပွားတဲ့ ကိုရိုနာဗိုင်းရပ်စ်ထက် ကူးစက်နှုန်းက နှစ်ဆ ပိုမြန်တယ်လို့လည်း ဆေးပညာရှင်တွေက ပြောပါတယ်။ ချမ်းသာတဲ့ နိုင်ငံတွေဟာ အမေရိကန်ကာကွယ်ဆေး ဖိုင်ဇာ (Pfizer)နဲ့ မိုဒါးနား (Moderna) ကို သုံးနိုင်ပေမယ့် ဖွံ့ဖြိုးဆဲနိုင်ငံတွေအဖို့ တခြားရွေးချယ်စရာမရှိဘဲ တရုတ်နိုင်ငံထုတ်ဆေးကိုပဲ အားကိုးရပါတယ်။

ဒါကြောင့်လည်း အမည်မဖော်လိုတဲ့ ဆရာဝန်တစ်ဦးက ဘာဆေးရရ ကာကွယ်ရေးကို ဦးစားပေးဖို့ အကြံပေးတာပါ။

"ကာကွယ်ခြင်းဟာ ကုသခြင်းထက် ပိုကောင်းပါတယ်။ ဘာဆေးရရ ကာကွယ်ဖို့ အရေးကြီးပါတယ်။ ၁၀ ရာခိုင်နှုန်းပဲ ကာကွယ်၊ ၂၀ ရာခိုင်နှုန်းပဲ ကာကွယ်၊ ၅၀ ပဲ ကာကာ ကာတာက ကိုယ့်အတွက် အမြတ် ပေါ့နော။ လုံးဝ မကာတာနဲ့စာရင် ကာတာက ကိုယ့်အတွက် အမြတ်ပေါ့။ ဘယ်လိုကာကွယ်ဆေးပဲ လာလာ ကျွန်တော် ကတော့ ထိုးသင့်တယ်လို့ မြင်တယ်။ ဘာလို့ဆို အခုတတိယလှိုင်းမှာ လူတွေက အများကြီးခံရတာဗျ။ ပြီးခဲ့တဲ့ ဒုတိယလှိုင်းကာလက ကာကွယ်ဆေးမထိုးခဲ့တဲ့ ဒဏ်ကြောင့် အများကြီး ခံနေကြရတာ။ ကာကွယ်ဆေး ထိုးတာက ကောင်းပါတယ်။ ကျွန်တော့အမြင်ကတော့ ထိုးစေချင်ပါတယ်"

နောက်ဆရာဝန်တစ်ဦးကတော့ ကာကွယ်ဆေးထိုးထားပြီးရင် ခံနိုင်ရည်ရှိပေမယ့် မယုံကြဘူးလို့ ပြောပါတယ်။

2021-03-26T000000Z_569928290_RC21JM9WX5XA_RTRMADP_3_HEALTH-CORONAVIRUS-TURKEY-CHINA-VACCINE.JPG
FILE PHOTO: Booth displaying a coronavirus vaccine candidate from Sinovac Biotech Ltd is seen at the 2020 China International Fair for Trade in Services (CIFTIS), following the COVID-19 outbreak, in Beijing တရုတ်နိုင်ငံထုတ် ဆီနိုဗက် (Sinovac) ကာကွယ်ဆေး။ (Photo: AFP) (Tingshu Wang/REUTERS)

တရုတ်အစိုးရအာဘော် Global Times သတင်းစာကလည်း တရုတ်နိုင်ငံထုတ်ကာကွယ်ဆေးက ရာနှုန်းပြည့် မကာကွယ်နိုင်ပေမယ့် ဝေဒနာ အပြင်းအထန်ခံစားရတာနဲ့ အသေအပျောက် အဖြစ်နည်းတယ်လို့ ဇွန်လက ဖော်ပြပါတယ်။ အင်ဒိုနီးရှားနိုင်ငံကတော့ ဇွန်လမှာ ဆရာဝန်တွေ ဆုံးပါးရပြီး၊ အမေရိကန်က ကာကွယ်ဆေး ရှစ်သန်း လှူဒါန်းပြီးတဲ့နောက် ကျန်းမာရေးလုပ်သားတွေကို ဇူလိုင်လကုန်ပိုင်းမှာ အမေရိကန်လုပ် မိုဒါးနား (Moderna) ထိုးနှံပေးပါတယ်။

မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံကတော့ ပထမတကြိမ်ကို တရုတ်လုပ် Sinovac ထိုးပေးထားပြီး နောက်တကြိမ်ကို ဗြိတိန်ထုတ် AstraZeneca ထိုးပေးဖို့ ဇူလိုင်လလလယ်မှာ ကာကွယ်ဆေးထိုးရေး မူဝါဒပြောင်းလိုက်ပါတယ်။ ဆီနိုဗက် (Sinovac) နှစ်ကြိမ်ထိုးပြီးသား ကျန်းမာရေးလုပ်သားတွေကတော့ တတိယတကြိမ်အဖြစ် အက်စတာ ဇက်နက်ကာ (AstraZeneca) ဒါမှမဟုတ် ဖိုင်ဇာ (Pfizer) ဖြစ်ဖြစ် မိုဒါးနား (Moderna) ဖြစ်ဖြစ် ထိုးရပါမယ်။