ရန်ကုန်မှာ ကိုဗစ်ကြောင့် သေဆုံးနှုန်းလျော့နည်းလာကြောင်း နာရေးကူညီနေသူတွေပြော

2021.07.31

ဇူလိုင်လ ပထမနဲ့ ဒုတိယပတ် ကာလတွေမှာဆိုရင် ရန်ကုန်က ရေဝေးသုသာန်မှာ တစ်နေ့ကို ရုပ်အလောင်း ၈၀၀ နဲ့ ၁၀၀၀ ကြား နေ့စဉ် မီးသင်္ဂြိုဟ်ပေးနေရတဲ့ အခြေအနေကနေ ပြီးခဲ့တဲ့ ဇူလိုင် ၂၈ ရက်နေ့ကစပြီး သေဆုံးမှု သိသိသာသာ ကျဆင်းလာတယ်လို့ ရန်ကုန်မြို့က နာရေးကူညီရေး ပရဟိတအဖွဲ့တွေက ပြောကြပါတယ်။

ကိုဗစ် တတိယလှိုင်းအဖြစ် ရန်ကုန်မြို့မှာ ပြီးခဲ့တဲ့ ဇူလိုင် ၉ ရက်နေ့လောက်ကစပြီး သေဆုံးနှုန်းတွေ တရိပ်ရိပ် မြင့်တက်ခဲ့ပြီးနောက် ဇူလိုင် ၁၆ ရက်ကနေ ၂၁ ရက်ထိ တစ်ပတ်အတွင်းမှာ သေဆုံးမှု အများဆုံး ဖြစ်ခဲ့ တယ်လို့ မေတ္တာသင်္ဂဟ နာကူအသင်း ဥက္ကဋ္ဌ ဦးမင်းဒင်က ပြောပါတယ်။

"ရေဝေးဆိုရင် အနိမ့်ဆုံး ၈၀၀ နဲ့ ၁၀၀၀ ကြားကို သွားတယ်။ ကျီစုသုသာန်ဆိုရင် ၄၀၀ နဲ့ ၅၀၀ ကြား သွားတယ်။ အခုလက်ရှိတော့ ၂၈ ရက်နေ့ကစပြီး သိသိသာသာ ကျဆင်းသွားတယ်။ အခု ၃၀၊ ၃၁ မှာ ပိုပြီး သိသာသွားတယ်။ ကျွန်တော်တို့လို သာမန် ကား ၄၊ ၅ စီးရှိတဲ့ အသင်းလေးတောင်မှ ပုံမှန်ကို မနက်ပိုင်း ၁၄ လောင်း၊ ၁၅ လောင်းဖြစ်နေတဲ့ အချိန်မှာ ဒီနေ့ မနက်ဆိုရင် သုံးလောင်းပဲရှိတယ်။ ရေဝေးမှာလည်း သိပ်တန်းစီစရာ မလိုတော့ဘူး။"

လက်ရှိ ရေဝေးသုသာန်မှာ တစ်နေ့ကို သင်္ဂြိုဟ်ပေးနေရတဲ့ ရုပ်အလောင်း ၅၀ နီးပါး လောက်ပဲ ရှိတော့တယ်လို့ ဦးမင်းဒင်က ပြောပါတယ်။

နာရေးကူညီမှုတွေ လုပ်ဆောင်ပေးနေတဲ့ ကရုဏာလက်များ လူမှုကူညီရေးအသင်းရဲ့ အတွင်းရေးမှူး ဦးဝင်းနိုင်ကလည်း သေဆုံးနှုန်းတွေ အရင်ကထက် သိသိသာသာ ကျဆင်းသွားတယ်လို့ ပြောပါတယ်။

ဒီလိုသေဆုံးမှု သိသိသာသာ ကျဆင်းလာတာဟာ ပြည်သူကိုပြည်သူက ကူညီတဲ့စနစ်နဲ့ လုပ်ဆောင် နေကြတာ ကြောင့်လို့ ဆိုပါတယ်။

"အခုနာရေးတွေ ပို့ဆောင်ရတဲ့အခြေအနေမှာ ခါတိုင်းထက် စာရင်တော့ သုံးပုံ တစ်ပုံလောက် ကျဆင်း သွားတယ်။ ခါတိုင်းဆိုရင် သင်္ချိုင်းတွေမှာ တန်းစီရတာရှိတယ်။ အခု သင်္ချိုင်းတွေမှာ တန်းစီရတာ သိပ် မရှိဘူး။ ရောက်တာနဲ့ သင်္ဂြိုဟ်ဆိုတော့ သေတဲ့သူနည်းတယ်လို့ သုံးသပ်လို့ရပါတယ်။ တော်တော်ကြီး ကို ကျသွားတယ်။ သေဆုံးတာတွေ များတဲ့အချိန် လူတွေဟာ အကြောက်တရားတွေ အများကြီး ရှိလာတယ်။ သတိဝိရိယလည်း ပိုလာတယ်။ မိမိကိုယ် မိမိ အားကိုးမှုကြောင့်သာ ဖြစ်ပေါ်လာတဲ့ အားကိုးမှုတွေ ချည်းပဲ ပေါ့နော်။ စစ်ကောင်စီရဲ့ လှုပ်ရှားချက်ကတော့ အခုချိန်မှာတော့ မယောင်ရာဆီလူး ဖြစ်နေတဲ့အတွက် စစ်ကောင်စီရဲ့ ထိန်းချုပ်မှုကြောင့် ဒါ ကျဆင်းသွားတာ မဟုတ်ပါဘူး။ ခုလိုမျိုး လူသေဆုံးမှု ကျဆင်းတာ က တစ်ယောက်နဲ့ တစ်ယောက် ကြောက်ရွံ့ပြီး တစ်ယောက်နဲ့တစ်ယောက် ထိန်းချုပ်မှုတွေ စနစ်တွေနဲ့ ပြည်သူကို ပြည်သူက ကူညီတဲ့စနစ်နဲ့ အောင်မြင်တာပါ"

အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီဟာ ကိုဗစ်ကူးစက်မှုနှုန်းတွေနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်တာ အားနည်းတာကြောင့် ရန်ကုန်မှာ ဘယ်လောက်ထိ သေဆုံးနှုန်းတွေ ကျသွားလဲဆိုတာ ကိန်းဂဏာန်းအရ ပြောဖို့ခက်ပါတယ်။

ygn-cementary
(သုသာန်မှာ သေဆုံးသူများကို မီးသင်္ဂြိုဟ်ရန်စောင့်နေကြစဉ်) Photo: CJ

စစ်ကောင်စီအနေနဲ့ ကိုဗစ်တတိယလှိုင်းအတွက် လုံလောက်တဲ့ စီမံခန့်ခွဲမှုတွေ မလုပ်ပေးခဲ့တာတွေကြောင့် ကိုဗစ်-၁၉ ပိုး နေ့စဉ်ကူးစက်မှုနှုန်းတွေ ထောင်ချီနေသလို သေဆုံးမှုတွေကလည်း နေ့စဉ် ရာချီ သေဆုံး ခဲ့ရပါတယ်။

ဒါပေမဲ့ ပြည်သူလူထုဘက်က ကိုဗစ်ကာကွယ်ရေး နည်းလမ်းတွေကို တိတိကျကျ လိုက်နာမှုတွေ ရှိလာ တာကြောင့် အခုလို သေဆုံးမှုနှုန်း လျော့နည်းလာတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဆရာဝန်တစ်ဦးက သုံးသပ်ပြောပါတယ်။

"လူထုရဲ့ ကိုဗစ်ကာကွယ်ရေး နည်းလမ်းတွေကို လိုက်နာမှုကြောင့်ပေါ့။ အိမ်ပြင်မထွက်တာ၊ အိမ်မှာပဲ တတ်နိုင်သလောက် နေတာ။ အိမ်လည်တွေ မသွားတာတွေပေ့ါ။ လူတွေမှာ ကူးစက်တဲ့ ရောဂါ ဖြစ်တဲ့ အတွက် လူတွေက ရောဂါကာကွယ်ရေး နည်းလမ်းတွေကို လိုက်နာမှ ဒါတွေက လျော့နည်းသွားမှာ ဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ မူဝါဒတွေနဲ့ဆိုရင်တော့ ကူးစက်မှုတွေက ပြန်ပြီး ဖြစ်နေအုံးမှာပဲ။ တတိယ လှိုင်းပြီးသွားတယ်ဆိုပေမယ့် စတုတ္ထလှိုင်းတွေက ထပ်ပြီးပေါ်လာမှာပဲ"

ကိုဗစ်-၁၉ ရောဂါကူးစက်မှုက ဆက်ပြီးရှိနေဆဲ၊ တတိယလှိုင်းက မပြီးသေးတဲ့ အချိန် ဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ တတ်နိုင်သမျှ အိမ်ပြင်မထွက်ကြဖို့၊ မဖြစ်မနေ ထွက်ရမယ်ဆိုရင်လည်း နှာခေါင်းစည်းတပ်၊ လက်ဆေးကြဖို့လိုပြီး ကာကွယ်ဆေး ရရှိခဲ့ရင်လည်း ကာကွယ်ဆေးထိုးကြဖို့ အဲဒီ ဆရာဝန်က တိုက်တွန်းထားပါတယ်။

စစ်ကောင်စီလက်ထဲကို ဇူလိုင်လအတွင်း တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေး သုံးသန်းကျော် ရောက်ရှိ နေပြီး အဲဒီ ကာကွယ်ဆေးတွေကို ဦးစားပေး အဆင့်လိုက် ထိုးပေးဖို့ စီစဉ်နေတယ်လို့ စစ်ကောင်စီလက် အောက်ခံ ကျန်းမာရေးဝန်ကြီးဌာန ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးက ဇူလိုင် ၂၈ ရက်နေ့က မြန်မာ့ရုပ်မြင်သံကြားနဲ့ အင်တာဗျူးမှာ ပြောကြားထားပါတယ်။

"တစ်ယောက်နဲ့တစ်ယောက် ထိန်းချုပ်မှုတွေ စနစ်တွေနဲ့ ပြည်သူကို ပြည်သူက ကူညီတဲ့စနစ်နဲ့ အောင်မြင်တာပါ"

အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုတွေ၊ ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းတွေမှာ ပါဝင် ဆောင်ရွက်ပေးနေတဲ့ ကျန်းမာရေး ဝန်ထမ်းတွေနဲ့ စေတနာ့ဝန်ထမ်းတွေ၊ ရဟန်းသံဃာတွေနဲ့ ဘာသာရေး အဖွဲ့အစည်းတွေ စသဖြင့် ဆေးရရှိမှုအပေါ် မူတည်ပြီး ဦးစားပေး ထိုးနှံပေးသွားမယ်လို့ ဒေါက်တာ ခင်ခင်ကြီးက ဆိုထားပါတယ်။

ဒါပေမဲ့ ပြည်သူတွေကြားမှာတော့ တရုတ်နိုင်ငံက ထုတ်တဲ့ ကာကွယ်ဆေး ဖြစ်တာကြောင့်ရယ်၊ စစ်ကောင်စီ က ထိုးပေးမယ့် ကိုဗစ်ကာကွယ်ဆေး ဖြစ်တာရယ်ကြောင့် ဆေးထိုးဖို့ သံသယရှိတယ်လို့လည်း ပြောဆို တာတွေရှိနေပါတယ်။

စစ်ကောင်စီ ထိန်းချုပ်တဲ့ ကျန်းမာရေးဝန်ကြီးဌာနက ဇူလိုင်လ ၃၀ ရက် မနေ့ည ၈ နာရီအထိ ထုတ်ပြန်ချက် အရ မြန်မာနိုင်ငံမှာ မနေ့က တစ်ရက်တည်းမှာတင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၃၉၀ ဦးရှိခဲ့ပြီး သေဆုံးသူ စုစုပေါင်းက ၈၉၄၂ ဦးအထိရှိပါတယ်။

ပရဟိတအဖွဲ့တွေကတော့ စစ်ကောင်စီက ထုတ်ပြန်တဲ့ သေဆုံးမှု အရေအတွက်ထက် မြေပြင်မှာတကယ် သေဆုံးတဲ့နှုန်းက ပိုများတယ်လို့ ပြောဆိုနေကြတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Zaw Zaw
2021-07-31 23:09

ဝမ်းသာပါတယ် ကိုဗစ်ကိုထိမ်းချူပ်နိုင်တော့မှာပါ။fighting ပြည်သူကိ ပြည်သူက ကူညီကြပါ။