ကိုဗစ်- ၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် မြန်မာနိုင်ငံမှာ သေဆုံးသူ စုစုပေါင်း ၃၂၅ဝ ရှိသွားပြီလို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနရဲ့ မနေ့က ကြေညာချက်မှာ ဖော်ပြထားပါတယ်။ မနေ့က သေဆုံးသူ နှစ်ယောက်ရှိခဲ့ပြီး သူတို့ဟာ ဘယ်ဒေသကလည်း ဆိုတာတော့ မဖော်ပြပါဘူး။
ကူးစက်မှုပိုမြန်ပြီး ပိုပြင်းထန်တဲ့ မျိုးရိုးဗီဇပြောင်းပိုး တွေ့ရှိသူတွေလည်း မြန်မာနိုင်ငံမှာ ရှိလာနေပြီလို့ ကြေညာထားပါတယ်။ ဒီဗီဇပြောင်း ပိုးတွေဟာ အသက်သေဆုံးနိုင်တဲ့အထိ အန္တရာယ်ကြီးပါတယ်။ မနေ့က ၂၄ နာရီအတွင်း ကိုဗစ်အတည်ပြု လူနာသစ် ၃၅၅ ယောက် တွေ့ရှိခဲ့လို့ စုစုပေါင်း မြန်မာနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာ တသိန်းလေးသောင်း ခြောက်ထောင့်လေးရာကျော်ရှိသွားပါပြီ။ အဲဒီအထဲက ဆေးရုံက ဆင်းခွင့်ရသူ တသိန်းသုံးသောင်းသုံးထောင်ကျော်ရှိတယ်လို့ ဆိုပါတယ်။
ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်နဲ့ ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်တွေမှာ ပြီးခဲ့တဲ့အပတ်အတွင်းက ကိုဗစ်ရောဂါ အစုလိုက်ဖြစ်ပွားခဲ့လို့ အသွားအလာ ကန့်သတ်မှုတွေ လုပ်ထားရတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက မနေ့က ကြေညာချက်ထုတ်ပါတယ်။ လက်ပံတန်း မြို့နယ်က အခြေခံပညာကျောင်းအားလုံးကို ဇွန်လ ၁၄ရက်ကစပြီး ပိတ်ထားခဲ့ပြီး လက်ပံတန်း မြို့မဈေးကိုလည်း အဲဒီနေ့မှာပဲ အသွားအလာ ပိတ်ပင်ခဲ့တယ်လို့ ဆိုပါတယ်။
ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်က မဟောသဓာကိုယ်ပိုင် အထက်တန်းကျောင်းမှာလည်း ကိုဗစ်ရောဂါ ဖြစ်ပွားမှုကြောင့် အသက်၆၃ နှစ်အရွယ်ဆရာမတဦး ဇွန် ၁၂ရက် နေ့က သေဆုံးခဲ့ရတယ်လို့ဆိုပါတယ်။