မောင်တောက နယ်ခြားစောင့်ဝန်ထမ်း ၁၀၁ ဦးမှာ ကိုဗစ်ပိုး ထပ်တွေ့
ရခိုင်ပြည်နယ်၊ မောင်တောမြို့ကို ပြည်မကနေ ရောက်ရှိလာတဲ့ နယ်ခြားစောင့် ရဲဝန်ထမ်းတွေနဲ့ သူတို့ရဲ့ မိသားစုဝင် ၁၀၁ ဦးမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့တယ်လို့ မောင်တောမြို့ ဆေးရုံအုပ်ကြီး ဒေါက်တာ နုကေသီစံက RFA ကို ဒီညနေက ပြောပါတယ်။
သူတို့ဟာ ရန်ကုန်၊ နေပြည်တော် အပါအဝင် တခြားမြို့တွေကနေ ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့က မောင်တောမြို့ ကို ရောက်ရှိလာခဲ့ကြတာပါ။
အဲဒီထဲက တချို့ဟာ အနံ့မရလို့ဆိုပြီး ဆေရုံကို လာပြတဲ့အခါမှာ မနေ့က ဝန်ထမ်း ၁၀ ဦးမှာ ပိုးတွေ့ရှိခဲ့ပြီး ဒီနေ့မှာလည်း ၉၁ ဦးမှာ ထပ်တွေ့ရတာကြောင့် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့သူ စုစုပေါင်း ၁၀၁ ဦးအထိ ရှိနေတာလို့လည်း ဒေါက်တာ နုကေသီစံ က ပြောပါတယ်။
သူတို့နဲ့အတူ လိုက်ပါလာတဲ့ နောက်ထပ် လူပေါင်း၂၀၀ ကျော်ကို ကိုရိုနာဗိုင်းရပ်စ်ပိုး ရှိ၊ မရှိ စစ်ဆေးဖို့ ကျန်ရှိနေသေးတယ်လို့လည်း ဆိုပါတယ်။
အခု ပိုးတွေ့လူနာတွေထဲမှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထိုးသူတွေလည်း ပါဝင်ပြီး အရေအတွက် အတိအကျကိုတော့ မသိရသေးဘူးလို့လည်း ဒေါက်တာ နုကေသီစံ က ပြောပါတယ်။
အလားတူ ဘူးသီးတောင်မြို့မှာလည်း သူတို့နဲ့အတူ လိုက်ပါလာတဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ထိုးပြီးသား နယ်ခြားစောင့်ဝန်ထမ်း နှစ်ဦးမှာ ဒီနေ့ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ထားတယ်လို့ ဘူးသီးတောင် ဆေးရုံအုပ်ကြီး ဒေါက်တာ စောမင်းသိန်း က ဒီနေ့မနက်က RFA ကို ပြောဆိုထားပါတယ်။
အဲဒါကြောင့် အခုဆိုရင် ရခိုင်ပြည်နယ်မှာ ပြည်မကနေလာတဲ့ နယ်ခြားစောင့်ဝန်ထမ်းနဲ့ သူတို့ မိသားစုဝင်တွေ မှာ ပိုးတွေ့လူနာ ၁၀၃ ဦး ရှိသွားပြီ ဖြစ်ပါတယ်။