ဖားကန့်မှာ အင်တာနက်ဖြတ်၊ လုံခြုံရေး ပိုတင်းကျပ်

တင်အောင်ခိုင် (ဝါရှင်တန် ဒီစီ)
2021.08.24

ကမ္ဘာကျော် ကျောက်စိမ်းနယ်မြေအဖြစ် ထင်ရှားတဲ့ ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ပြီးခဲ့တဲ့ သြဂုတ်လ ၂၀ ရက် ညပိုင်းကစလို့ ဒီနေ့ သြဂုတ် ၂၄ ရက်အထိ အင်တာနက်လိုင်းတွေကို ဖြတ်တောက်ခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ MyTel၊ MPT၊ Telenor၊ Ooredoo လေးခုစလုံး ဖားကန့်မှာ အသုံးပြုလို့မရဘူးလို့ ဖားကန့်မြိုခံ ကိုအဂွန်းက ပြောပါတယ်။

“ဖြတ်ထားတဲ့အထဲမှာ အကုန်လုံးပဲဗျ။ အခု ကျွန်တော်တို့ သုံးတာ လိုင်းမရလို့ ဟိုကတ်ချိန်း၊ ဒီကတ်ချိန်းနဲ့ တစ်ခုမှ သုံးလို့မရဘူး။ ကျွန်တော်က MyTel၊ MPT၊ Telenor ဒီသုံးမျိုးကို သုံးတယ်။ သူငယ်ချင်းတချို့က Ooredoo သုံးတယ်၊ သူတို့လည်း လိုင်းမရဘူး”

အင်တာနက်ဖြတ်တောက်မှုကြောင့် ဘာသတင်းအချက်အလက်မှ မရရှိတော့တဲ့အပြင် စစ်တပ်က ထိုးစစ် အကြီးအကျယ်ဆင်ဖို့ရှိနေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေတာကြောင့် လူထုအကြား စိုးရိမ်ပူပန်နေကြတယ်လို့ ဆိုပါတယ်။

အင်တာနက်ဖြတ်တောက်မှုနောက်ပိုင်း ဖားကန့်မှာ စစ်သားတွေ အလုံးအရင်းနဲ့ သွားလာလှုပ်ရှားနေတာတွေ ရှိပြီး မကြာခင် စစ်ဖြစ်လာနိုင်ခြေရှိတယ်ဆိုပြီး ဒေသခံတချို့က ကြိုတင်တိမ်းရှောင်နေကြပြီလို့လည်း ဖားကန့်မြို့ခံတစ်ဦးဖြစ်တဲ့ မကိုင်ရင်က ပြောပါတယ်။

"အချို့ဆိုရင် အကုန်လုံး အလျှိုလျှို ဆင်းကုန်ကြပြီ။ ဒီနေ့ကနေစပြီး ဖားကန့် လမ်းပိတ်မယ်ဆိုပြီး ပြောသံကြားတယ်။ အဲဒီတော့ စစ်ဖြစ်တယ်ဆိုသည့်တိုင်အောင် ကျွန်မတို့က ပြေးစရာမြေမရှိဘူးဆိုတော့ ကံတရားပေါ့။ ကျွန်မတို့က ခရစ်ယာန်ယုံကြည်သူ ဆိုတော့ ဘုရားရှင်ထံမှာ ဆုတောင်းရုံမှအပ ကျွန်မတို့ ဘာမှမတတ်နိုင်ဘူး"

၂၀၁၉ ခုနှစ် NLD အစိုးရလက်ထက်တုန်းကလည်း စစ်တပ်က ၂၀၁၉ ဇွန်လ ၂၁ ရက်ကစပြီး ရခိုင်ပြည်နယ် မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝဒေသတွေမှာ အင်တာနက်ဖြတ်တောက်ပြီးတဲ့နောက် စစ်တပ်က ရက္ခိုင့်တပ်တော် (AA) ကို အကြီးအကျယ် ထိုးစစ်ဆင် တိုက်ခိုက်တာတွေ လုပ်ခဲ့ဖူးပါတယ်။ ကမ္ဘာ့ အရှည်ကြာဆုံးလို့ မှတ်တမ်းဝင်ခဲ့တဲ့ ရခိုင်ပြည်နယ်မှာ အင်တာနက်ဖြတ်တောက်မှုဟာ စစ်တပ်အာဏာသိမ်း ပြီး သုံးရက်အကြာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့ကျမှ အဆုံးသတ်ခဲ့တာပါ။

no-internet.jpg
မိုဘိုင်းဖုန်းအသုံးပြုနေသူတစ်ဦးကို တွေ့ရစဉ်

လက်ရှိ အင်တာနက်ဖြတ်တောက်မှုနဲ့ စစ်ရေးလှုပ်ရှားမှုတွေအရ ဖားကန့် ကျောက်စိမ်းလုပ်ကွက်တွေကနေ အဓိက ဝင်ငွေရရှိနေတဲ့ KIA ရဲ့ ဘဏ္ဍာရေးလမ်းကြောင်းကို ဖြတ်တောက်ထိန်းချုပ်ဖို့ မကြာခင်မှာ စစ်ကောင်စီဘက်က ထိုးစစ်ဆင်လာနိုင်ခြေရှိတယ်လို့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) သတင်းနဲ့ ပြန်ကြားရေးဋ္ဌာနတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ခန့်မှန်းပါတယ်။

"KIA ရဲ့ အဓိက ဝန်ငွေကတော့ ဖားကန့်ဘက်ကနေဖြစ်တယ်ဆိုပြီး စစ်တပ်က သတ်မှတ်ပြီးတော့ အဲဒီဘက်မှာ အရင်လှုပ်ရှားမလားပေါ့။ သူတို့ရဲ့ စစ်ရေးလှုပ်ရှားမှုကို ဖားကန့်ဘက်ကနေများ စမလားပေါ့။ ဒါက သုံးသပ်ကြည့်တာပေါ့။ စစ်ပိုင်းဆိုင်ရာ သတင်းအချက်အလက်တွေကတော့ ကျွန်တော့်ဆီမှာ မရှိသေးဘူး"

ဖားကန့်ဒေသက ကျောက်စိမ်းလုပ်ကွက်တွေဟာ KIA ရဲ့အဓိက ဝင်ငွေဖြစ်သလို စစ်တပ်ကလည်း ကျောက်စိမ်းလုပ်ငန်း အများအပြားကို ထိန်းချုပ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အာဏာသိမ်းပြီးနောက် ဖားကန့်ဒေသမှာ KIA ဟာ အရင်က မရှိခဲ့ဖူးတဲ့ စစ်ရေးပြင်ဆင်မှုတွေ ပြုလုပ်လာခဲ့ပြီး တကယ်လို့ အာဏာသိမ်း စစ်ကောင်စီဘက်က မြို့ပြဆန္ဒပြမှုတွေကို နှိမ်နှင်းဖို့ အင်အားအလွန်အကျွံ ဆက်သုံးနေမယ်ဆိုရင် KIA ဟာ ဖားကန့်ကို ပြန်လည်ထိန်းချုပ်နိုင်ခြေရှိတယ်လို့လည်း Global Witness ရဲ့ ၂၀၂၁ ခုနှစ် ဇွန်လထုတ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

နောက်ထပ်ဖြစ်နိုင်ခြေတစ်ခုက စစ်တပ်ဟာ အာဏာကို ဆက်ပြီးဆုပ်ကိုင်နိုင်ရင် ဖားကန့်ဒေသရှိ KIA ရဲ့ ဘဏ္ဍာရေးလမ်းကြောင်းတွေကို ပိတ်ဆို့ပြီး၊ စစ်တပ်အတွက် အကျိုးရှိစေမယ့် သတ္တုတွင်းတွေကို ပြန်လည် သိမ်းယူနိုင်တယ်လို့လည်း အစီရင်ခံစာက ပြောထားပါတယ်။ စစ်တပ်ဟာ ကျောက်စိမ်းကရရှိတဲ့ ကြွယ်ဝမှုတွေကို အသုံးချပြီး အတိုက်အခံတွေကို သွေးခွဲဖို့ နဲ့ သစ္စာခံမှုကို ဝယ်ယူဖို့လည်း လုပ်ဆောင်လိမ့်မယ် လို့ Global Witness က သုံးသပ်ထားပါတယ်။

"အင်တာနက်ဖြတ်တောက်တာဟာ ကြီးစွာသော လူ့အခွင့်အရေးချိုးဖောက်မှုထဲက တစ်ခု ဖြစ်ပါတယ်"

ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှားဆောင်ရွက်မှုကော်မတီက မသဉ္ဇာရွှန်းလဲ့ရည်ကတော့ ဖားကန့်ဒေသ မှာ အင်တာနက်လိုင်းတွေကို ဖြတ်တောက်ထားတာဟာ အရပ်သားတွေရဲ့ သတင်းအချက်အလက် သိပိုင်ခွင့် ကို ပိတ်ပင်ချိုးဖောက်တာဖြစ်တယ်လို့ ဝေဖန်ပါတယ်။

“ကချင်ပြည်နယ်မှာ အင်တာနက် ပိတ်ဆို့တယ်ဆိုတဲ့ကိစ္စက ပေါ့သေးသေးတော့ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ နှစ်နှစ်၊ သုံးနှစ်ကာလက စစ်တပ်ရဲ့လှုပ်ရှားမှုတွေကို ကြည့်လိုက်ရင် အရင်ဆုံး စစ်ရာဇဝတ်မှုတွေကို မကျူးလွန်ခင် အင်တာနက်ဖြတ်တောက်တာ ဖုန်းလိုင်းတွေ ဖြတ်တောက်တာမျိုး ဒီလိုမျိုး သတင်း အချက်အလက်တွေကို အမှောင်ဖုံးလိုက်တဲ့ လုပ်ရပ်တွေကို အရင်ဆုံး လုပ်တတ်ပါတယ်။ ဒါ့အပြင် အင်တာနက်နဲ့ ချိတ်ဆက်ပြီး သတင်းအချက်အလက် ရပိုင်ခွင့်ဆိုတာ လူ့အခွင့်အရေးတွေ ဖြစ်ပါတယ်။ အင်တာနက်ဖြတ်တောက်လိုက်တာဟာ ကျန်တဲ့ ရပိုင်ခွင့်တွေကိုပါ ချိုးဖောက်လိုက်တာ ဖြစ်တဲ့အတွက် ကြောင့် ၂၁ ရာစုမှာ အင်တာနက်ပိတ်တာကို နိုင်ငံအသီးသီး အဖွဲ့အစည်းအသီးသီးက ကန့်ကွက်နေကြတာ ဖြစ်တယ်။ အင်တာနက်ဖြတ်တောက်တာဟာ ကြီးစွာသော လူ့အခွင့်အရေးချိုးဖောက်မှုထဲက တစ်ခု ဖြစ်ပါတယ်”

ဖားကန့်ဒေသ အင်တာနက်ဖြတ်တောက်မှု အကြောင်းရင်းကို သိနိုင်ဖို့ စစ်ကောင်စီရဲ့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဋ္ဌာနကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။

အင်တာနက်ဖြတ်တောက်မှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဋ္ဌာနက ဘယ်လို ညွှန်ကြားချက်ပေးထားသလဲဆိုတာ အသေးစိတ်သိနိုင်ဖို့ ရန်ကုန်ရှိ တယ်လီနောကုမ္ပဏီ တာဝန်ရှိသူကို RFA က အီးမေးလ်ကတစ်ဆင့် မေးထားပေးမယ့် အကြောင်းမပြန်ပါဘူး။

စစ်တပ်က အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက် မနက် ၃ နာရီကစလို့ နေ့လယ်ပိုင်းထိ ပထမဆုံးအကြိမ် အင်တာနက်ဖြတ်တောက်မှု ပြုလုပ်ခဲ့ပါတယ်။

အဲဒီနောက် ပြည်သူလူထုက စစ်အာဏာသိမ်းမှုကို အင်တာနက်လူမှုကွန်ရက်မှာ ကျယ်ကျယ်လောင်လောင် ဆန့်ကျင်ဝေဖန်လာကြပြီး ဒုတိယအကြိမ် အင်တာနက်ဖြတ်တောက်မှုကို ဖေဖော်ဝါရီ ၆ ရက်မနက်ပိုင်းကနေ ၇ ရက် ညနေပိုင်းအထိ လုပ်ခဲ့ပါတယ်။ အဲဒီနောက် ဖေဖော်ဝါရီ ၁၅ ရက်မှာတော့ တစ်နိုင်ငံလုံး ညပိုင်း အင်တာနက်ဖြတ်တောက်မှုတွေ စတင်ပြီး မတ်လ ၁၅ ရက်မှာတော့ မိုဘိုင်းဒေတာ အသုံးပြုတဲ့ အင်တာနက် တွေကိုပါ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဖြတ်တောက်ခဲ့ပါတယ်။ ဒါပေမဲ့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ည ၁ နာရီကနေ မနက် ၉ နာရီအထိ အင်တာနက်ဖြတ်တောက်မှုဟာ ဧပြီ ၂၈ ရက်မှာ အဆုံးသတ်ခဲ့ပြီး၊ မိုဘိုင်းဒေတာသုံး အင်တာနက်တွေကိုတော့ မေလ ၃၀ ရက်မှာ ပြန်ဖွင့်ပေးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။