ဒါနာမုန်တိုင်းကြောင့် တိုင်းနဲ့ပြည်နယ် ၁၁ ခုမှာ ရေကြီးမြေပြိုနိုင်
2024.10.23
ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှာ ဖြစ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်း “ဒါနာ” အရှိန်ကြောင့် တိုင်းနဲ့ပြည်နယ် ၁၁ ခုမှာ မိုးကြီးပြီး ရေကြီးမြေပြိုနိုင်တာကြောင့် သတိပြုရှောင်ရှားဖို့ စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက အောက်တိုဘာ ၂၃ ရက်နေ့ ညက သတိပေးလိုက်ပါတယ်။
နေပြည်တော်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ ကချင်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ချင်းနဲ့ ရခိုင်ပြည်နယ်တွေမှာ မိုးကြီးတာနဲ့ လေပြင်းတိုက်ခတ်တာတွေ အောက်တိုဘာ ၂၄ ရက်နေ့မှာ ဖြစ်ပေါ်နိုင်တယ်လို့ သတိပေးထားတာဖြစ်ပါတယ်။
ဆိုင်ကလုန်းမုန်တိုင်း “ဒါနာ” လက်ရှိ အခြေအနေဟာ မြန်မာပြည်ကို ဦးတည်ရွေ့လျားမယ့် အခြေအနေ မရှိတာကြောင့် အဝါရောင်အဆင့်လို့ သတ်မှတ်ထားပါတယ်။
အောက်တိုဘာ ၂၄ ရက်နေ့မှာတော့ ပိုမိုအားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း ဖြစ်လာမယ်လို့ ခန့်မှန်းထားတာကြောင့် မြန်မာနိုင်ငံမှာ မိုးများပြီး မိုးနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ လျှပ်တစ်ပြက် ရေကြီးတာနဲ့ မြေပြိုတာ စတဲ့ သဘာဝဘေးအန္တရာယ်တွေ ကြုံရနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတိပေးထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း ဒီဆိုင်ကလုန်းမုန်တိုင်း အရှိန်ကြောင့် ကချင်၊ ချင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ မြေလတ်ဒေသတွေနဲ့ တနင်္သာရီတိုင်းမှာ နေရာကွက်ပြီး မိုးကြီးနိုင်တာကြောင့် ရေကြီး မြေပြိုတာတွေ ဖြစ်နိုင်တယ်လို့ အောက်တိုဘာ ၂၃ ရက်နေ့က သတိပေးထားပါတယ်။
ကမ်းရိုးတန်းဒေသတွေမှာ လှိုင်းကြီးနိုင်တာကြောင့် ကမ်းနီးကမ်းဝေး ရေလုပ်သားတွေ ပင်လယ်ပြင်ငါးဖမ်းထွက်တာကို ယာယီရပ်နားထားသင့်ကြောင်းနဲ့ အချိန်နဲ့အမျှ ပြောင်းလဲနေတဲ့ မိုးလေဝသအခြေအနေ ထုတ်ပြန်ချက်တွေကို စောင့်ကြည့်ကြဖို့လည်း တိုက်တွန်းထားပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလက တိုက်ခတ်ခဲ့တဲ့ ပြင်းထန်မှု အဆင့် ၅ ရှိတဲ့ ရာဂီတိုင်ဖွန်း မုန်တိုင်းကြောင့် မြန်မာနိုင်ငံ တစ်ဝန်း ရေကြီးမြေပြိုမှုတွေမှာ သေဆုံးသူ ၄၃၆ ဦးအထိ ရှိခဲ့ပြီး ရေစီးနဲ့မျောပါ ပျောက်ဆုံးသူ ၆၆ ဦး ရှိခဲ့တယ်လို့ အောက်တိုဘာ ၁ ရက်နေ့ထုတ် စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြထားပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) စာရင်းတွေအရ ရာဂီမုန်တိုင်းကြောင့် မြန်မာနိုင်ငံက မြို့ပေါင်း ခုနစ်ဆယ်ကျော်လောက်က လူပေါင်း တစ်သန်းလောက် ရေဘေးသင့်ခဲ့ပါတယ်။