ပညာရေးမှာ တိကျတဲ့မူဝါဒတွေကို အစိုးရအနေနဲ့ ချမှတ်ပေးနိုင်ဖို့ဆိုတဲ့အချက်တွေပါဝင်တဲ့ ဒဂုံတက္ကသိုလ် ကျောင်း သားများသမဂ္ဂ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းကို ဒဂုံတက္ကသိုလ် ကျောင်းသားထုညီလာခံက အတည်ပြုလိုက်ကြ ပါတယ်။
ဒီနေ့ ဒဂုံတက္ကသိုလ်ကျောင်းဝင်းထဲမှာ ကျောင်းသားထု ညီလာခံကိုကျင်းပပြီး အခုလို အတည်ပြုလိုက်တာလို့ ဒဂုံတက္ကသိုလ် ဥပဒေကျောင်းသား ကိုကျော်ဇင်လင်း က ပြောပါတယ်။
"ဖွဲ့စည်းပုံကြီးတစ်ခုလုံးဟာ အမျိုးပေါင်းမရှိဘူးပါ့လေ၊ အကုန်လုံးဖြစ်အောင်တော့ ကျနော်တို့ စီစဉ်ခဲ့တာပဲ၊ စီစဉ်ခဲ့တယ်ဆိုတာ အကြိုက်ဆုံးရယ်တော့ မဆိုလိုဘူးပေါ့၊ အဓိက အရေးကြီးဆုံး အသက်ပါဆုံးကတော့ မူဝါဒအခန်းပါပဲ၊ မူဝါဒမှာဆိုရင် ကျနော်တို့ အတက်နိုင်ဆုံး ပြည်သူလူထုကို မျက်နှာမူနိုင်အောင် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးမှာ ကျောင်းသားထုအနေနဲ့ လူမှုတာဝန်တစ်ရပ်အနေနဲ့ အတက်နိုင်ဆုံးပါဝင်နိုင်အောင် ဖန်တီးထားမှုတွေ၊ ကျနော်တို့ ပညာရေးပိုင်းဆိုင်ရာမှာ ချမှတ်ထားတဲ့ တိကျတဲ့မူဝါဒပိုင်းဆိုင်ရာတွေ ဒါတွေဟာ ကျနော်တို့ဖွဲ့စည်းပုံရဲ့ အသက်ပါပဲ"
အဲ့ဒီဖွဲ့စည်းပုံအခြေခံစည်းမျဉ်းကို အခန်း ၁၇ ခန်းနဲ့ ရေးဆွဲထားပြီး ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးမှာ ကျောင်းသားတွေအနေနဲ့ လူမှုအခန်းကဏ္ဍကနေ ပါဝင်လာနိုင်ရေးဆိုတဲ့ အချက်တွေကိုလည်း ထည့်သွင်းထားတယ်လို့ ပြောပါတယ်။
ဒါ့အပြင် ညီလာခံမှာ တက္ကသိုလ်ဆရာ၊ ဆရာမတွေရဲ့ လိုအပ်ချက်တွေ၊ ကျောင်းသားတွေရဲ့လိုအပ်ချက်တွေ ကိုလည်း ထည့်သွင်းဆွေးနွေးကြပါတယ်။
ဒဂုံတက္ကသိုလ်မှာ ကျောင်းသားပေါင်း ၂ သောင်းကျော်လောက်ရှိရာမှာ ဒီနေ့ညီလာခံကို ကျောင်းသား ၃၀၀ ကျော်လောက်သာ တက်ရောက်ခဲ့ကြပါတယ်။
ဒီနေ့ညီလာခံကနေ အတည်ပြုလိုက်တဲ့ အဲဒီဖွဲ့စည်းပုံအခြေခံ စည်းမျဉ်းတွေကို လာမယ့် သြဂုတ်လထဲမှာ ဒဂုံတက္ကသိုလ် ကျောင်းလုံးကျွတ် ဆန္ဒခံယူသွားမှာဖြစ်တယ်လို့ ပြောပါတယ်။