ပုဂ္ဂိုလ်ရေးနဲ့ သံတမန်ရေးကြောင့် ဒန်နီဖန်းစတား လွတ်မြောက်လာဟု သံအမတ်ဟောင်းပြော

ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2021.11.16
ပုဂ္ဂိုလ်ရေးနဲ့ သံတမန်ရေးကြောင့် ဒန်နီဖန်းစတား လွတ်မြောက်လာဟု သံအမတ်ဟောင်းပြော နိုဝင်ဘာ ၁၆ ရက်နေ့က နယူးယောက်မြို့ သတင်းစာရှင်းလင်းပွဲတွင် တွေ့ရသော အမေရိကန် သံအမတ်ဟောင်း ဘေလ်ရစ်ချတ်ဆန်နှင့် အမေရိကန်သတင်းသမား ဒန်နီဖန်းစတား။
Photo: RFA

ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံထားရတဲ့ အမေရိကန်သတင်းထောက် ဒန်နီ ဖန်းစတားကို လွတ်ငြိမ်းချမ်းသာခွင့်ရပြီး၊ အမေရိကန်နိုင်ငံ ပြန်လာနိုင်အောင် လုပ်ပေးနိုင်ခဲ့တာဟာ ပုဂိုလ်ရေး ရင်းနှီးမှုကို အခြေခံတဲ့ သံတမန်ရေး ညှိနှိုင်းမှုတွေကြောင့် ဖြစ်တယ်လို့ ဒန်နီဖန်းစတား လွတ်မြောက်ဖို့ စေ့စပ်ညှိနှိုင်းရာမှာ ပါဝင်ခဲ့တဲ့ အမေရိကန် သံအမတ်ဟောင်း ဘေလ်ရစ်ချတ်ဆန် က မနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။

နိုဝင်ဘာ ၁၆ရက်နေ့က မြန်မာနိုင်ငံမှာ အကျဉ်းထောင်ကနေ လွတ်မြောက်ပြီး အမေရိကန်နိုင်ငံကို ပြန်လာခွင့်ရတဲ့ အမေရိကန်သတင်းထောက် ဒန်နီ ဖန်းစတားကို နယူးယောက်မြို့ ဂျွန်အက်ဖ် ကနေဒီ လေဆိပ်ဟိုတယ်မှာ မိသားစုဝင်တွေက ကြိုဆိုနှုတ်ဆက်နေကြတာဖြစ်ပါတယ်။

"ကျွန်တော် ပြန်ပြီး လွတ်မြောက်လာတာကို ဝမ်းမြောက်အောင်ပွဲခံကြသလိုပဲ မြန်မာနိုင်ငံက အရေးကြီးတဲ့သတင်းတွေကိုလဲ မျက်ခြေမပြတ်ကြဖို့ လိုတယ်လို့ ပြောချင်ပါတယ်"

အဲဒီနောက် သတင်းထောက် ဒန်နီဖန်းစတား လွတ်မြောက်ဖို့ မြန်မာနိုင်ငံကို သွားရောက်စေ့စပ်ညှိနှိုင်းခဲ့တဲ့ သံအမတ်ဟောင်း မစ္စတာ ဘေလ်ရစ်ချတ်ဆန် နဲ့ အခန်းကဏ္ဍအသီးသီးကနေ ပါဝင်ခဲ့ကြသူတွေရဲ့ သတင်းစာရှင်းလင်းပွဲကို ဆက်လက်ကျင်းပခဲ့ပါတယ်။ ဒီသတင်းစာရှင်းလင်းပွဲမှာ သတင်းထောက် ဒန်နီဖန်းစတားက သူပြန်လည်လွတ်မြောက်လာတာကို ဝမ်းမြောက်အောင်ပွဲခံကြသလိုပဲ မြန်မာနိုင်ငံက အဖြစ်အပျက်တွေကိုလည်း မျက်ခြေမပြတ်ကြဖို့ ပြောသွားပါတယ်။

“ကျွန်တော် လွတ်မြောက်ဖို့အတွက် နည်းလမ်းအမျိုးမျိုးနဲ့ အခန်းကဏ္ဍအမျိုးမျိုးက ပါဝင်ခဲ့ကြတဲ့သူ အားလုံးကို အထူးပဲကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ အားလုံး ကြိုးစားပေးကြသလိုပဲ အောင်မြင်သွားတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ အကျဉ်းထောင်က လွတ်မြောက်လာတဲ့ ကျွန်တော့်ကို မစ္စတာ ဘေလ်ရစ်ချတ်ဆန်နဲ့အဖွဲ့ က စောင့်ကြိုနေတာကို မြင်လိုက်ရတဲ့အချိန်မှာ ပြောမပြနိုင်အောင် ဝမ်းသာပါတယ်။ ကျွန်တော့်ကို ရုံးထုတ် စစ်ဆေးတဲ့ ရက်တွေမှာ အင်္ဂလိပ်စကား နည်းနည်းပါးပါးတတ်တဲ့ ရဲအရာရှိအချို့က ကျွန်တော်ရဲ့ မိသားစုဝင်တွေ ကျွန်တော် လွတ်မြောက်ဖို့အတွက် လှုပ်ရှားနေကြတဲ့အကြောင်း CNN သတင်းဌာနက သတင်းကို ဖုန်းနဲ့ ပြပါတယ်။ အကျဉ်းထောင်ထဲမှာ ရှိနေတုန်းက အပြင်မှာ ဘာတွေ ဖြစ်လာမယ်ဆိုတာ မသိရပေမယ့် အားလုံး ကျွန်တော်လွတ်မြောက်ဖို့ ကြိုးစားနေကြတယ်ဆိုတာ သိပါတယ်။ ခုလို အိမ်ပြန်လာခွင့်ရတဲ့အတွက် အောင်ပွဲခံရသလိုပဲ။ ဆက်ပြီးလုပ်စရာတွေ ရှိနေပါသေးတယ်။ မြန်မာနိုင်ငံမှာ အကျဉ်းကျခံနေရတာ သတင်းသမားတွေတင်မကဘဲ ဆရာဝန်တွေ၊ ကျောင်းဆရာ၊ ဆရာမတွေနဲ့ သာမန် ပြည်သူတွေလည်း ပါပါတယ်။ ကျွန်တော် ပြန်ပြီး လွတ်မြောက်လာတာကို ဝမ်းမြောက်အောင်ပွဲခံကြသလိုပဲ မြန်မာနိုင်ငံက အရေးကြီးတဲ့သတင်းတွေကိုလဲ မျက်ခြေမပြတ်ကြဖို့လိုတယ်လို့ ပြောချင်ပါတယ်။”

ဒန်နီ ဖန်းစတား လွတ်မြောက်ဖို့ စေ့စပ်ညှိနှိုင်းမှုတွေကို ဦးဆောင်ခဲ့တဲ့ အမေရိကန်သံအမတ်ဟောင်း ဘေလ်ရစ်ချတ်ဆန်ကတော့ အမေရိကန်နိုင်ငံအနေနဲ့ ရန်ဘက်နိုင်ငံတွေနဲ့ ထိတွေ့ဆက်ဆံဖို့ အရေးကြီးကြောင်း သတင်းထောက်တွေကို ပြောသွားပါတယ်။

“နံပါတ်တစ် အချက်က ကျွန်တော်တို့ဟာ သဘောထားအယူအဆတွေ ဘယ်လောက်ပဲ ကွဲပြားသည်ဖြစ်ပါစေ။ ကျွန်တော်တို့ရဲ့ ရန်ဘက်တွေနဲ့ ထိတွေ့ဆက်ဆံမှုတွေ လုပ်နေဖို့ လိုတယ်လို့ ယုံကြည်ပါတယ်။ နံပါတ်နှစ်အနေနဲ့ နှစ်ခြမ်းကွဲနေတဲ့ နိုင်ငံတစ်နိုင်ငံနဲ့ ထိတွေ့ဆက်ဆံတဲ့အခါ နိုင်ငံရေးအရ အမြင်မတူမှုတွေထက် လူသားချင်းစာနာမှုအကူအညီပေးရေး ကြိုးပမ်းမှုတွေကတဆင့် ချဉ်းကပ်ဖို့ လိုပါတယ်။ ဒါက အခြေခံ အကျဆုံး သင်ခန်းစာပါပဲ။ အချို့က ပြောကြပါတယ်။ ဒီ စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံလိုက်တာဟာ သူ့ကို တရားဝင်ဖြစ်အောင် လုပ်ပေးရာရောက်တယ်လို့ အချို့က ဝေဖန်ကြပါတယ်။ အမှန်က ကျွန်တော်က အစိုးရအဖွဲ့ဝင်လည်း မဟုတ်ပါဘူး။ အစိုးရတာဝန်နဲ့ သွားတဲ့ ခရီးစဉ်လည်း မဟုတ်ပါဘူး။ ကျွန်တော်က ပုဂ္ဂလိကခရီးစဉ်အနေနဲ့ သွားရောက်ခဲ့တာပါ”

မစ္စတာ ဘေလ်ရစ်ချတ်ဆန်က သူ့အနေနဲ့ မြန်မာနိုင်ငံကို သွားရောက်ပြီး အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ တွေ့ဆုံရာမှာ ဒန်နီဖန်းစတား လွတ်မြောက်ဖို့ ကိစ္စကို ထည့်မပြောဖို့ အမေရိကန်အစိုးရတာဝန်ရှိသူတွေက မှာကြားထားတဲ့အတွက် အစပိုင်းမှာ မပြောခဲ့ပေမယ့် သူလွတ်မြောက်ဖို့ ညှိနှိုင်းလို့ ရနိုင်မယ့် အလားအလာတွေ့ရတဲ့အတွက် နောက်ပိုင်းမှာ ဒီကိစ္စကို ထည့်ပြောခဲ့တယ်လို့ အေပီသတင်းဌာနကို ပြောခဲ့ပါတယ်။

အရင်ကလည်း အကျဉ်းကျခံနေရတဲ့ အမေရိကန်နိုင်ငံသားတွေ လွတ်မြောက်ဖို့ စေ့စပ်ညှိနှိုင်းနိုင်ခဲ့တဲ့ ရာဇဝင်ရှိခဲ့ပြီး အခုလို ဓားစာခံအဖြစ် ဖမ်းဆီးခံထားရသူတွေ လွတ်မြောက်လာအောင် ညှိနှိုင်းနိုင်ခဲ့တာဟာ ပုဂ္ဂိုလ်ရေးရင်းနှီးမှုကို အခြေခံတဲ့ သံတမန်ရေးနည်းလမ်းကြောင့် ဖြစ်တယ်လို့ သူက ပြောပါတယ်။

“ကျွန်တော် ပြောချင်တာကတော့ အခုလို ဓားစာခံတစ်ဦးကို ကယ်ထုတ်လာနိုင်ခဲ့တာ ပုဂ္ဂိုလ်ရေး ရင်းနှီးမှုကို အခြေခံတဲ့ သံတမန်ရေး ဆောင်ရွက်ချက်တွေကြောင့် ဖြစ်ပါတယ်။ အခုတစ်ကြိမ် မြန်မာနိုင်ငံကို သွားရောက်တဲ့ ခရီးစဉ်ဟာ စုစုပေါင်း ရှစ်နာရီပဲ ကြာခဲ့ပါတယ်။ ဒီအတွင်းမှာ တွေ့ဆုံဆွေးနွေးမှု လေးကြိမ် လုပ်ခဲ့ပါတယ်။ နောက်ဆုံးအကြိမ် တွေ့ဆုံမှုမှာ စစ်ခေါင်းဆောင်က ဒန်နီဖန်းစတားကို ပြစ်ဒဏ်ကနေ လွတ်ငြိမ်းခွင့်ပေးဖို့ အမိန့်စာကို လက်မှတ်ထိုးပေးလိုက်ပါတယ်။ အဲဒီနောက် ကျွန်တော်တို့ သူ့ကို အိမ်ပြန်ခေါ်လာနိုင်ခဲ့ပါတယ်။ အခု သူအိမ်ပြန်ရောက်လာပါပြီ”

နိုဝင်ဘာ ၁၆ ရက်နေ့က အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ JFK လေဆိပ်တွင် သတင်းသမား ဒန်နီဖန်းစတားနှင့် မိသားစုဝင်များ ပြန်လည်ဆုံတွေ့ကြစဉ်။ (Photo: AFP)
နိုဝင်ဘာ ၁၆ ရက်နေ့က အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ JFK လေဆိပ်တွင် သတင်းသမား ဒန်နီဖန်းစတားနှင့် မိသားစုဝင်များ ပြန်လည်ဆုံတွေ့ကြစဉ်။ (Photo: AFP)
အမေရိကန် သံအမတ်ဟောင်း ဘေလ်ရစ်ချတ်ဆန်က မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ ခရီးစဉ်အတွက် အောင်မြင်မှုကို သတင်းထောက်တွေက မေးမြန်းရာမှာတော့ သတင်းထောက် ဒန်နီဖန်းစတားနဲ့ ရစ်ချတ်ဆန်စင်တာဝန်ထမ်း မအေးမော် လွတ်မြောက်အောင် လုပ်နိုင်ခဲ့တာတွေအပြင်၊ မြန်မာပြည်သူတွေအတွက် အရေးပေါ် လိုအပ်နေတဲ့ ကိုဗစ်ကာကွယ်ဆေး၊ စားနပ်ရိက္ခာနဲ့ လူသားချင်းစာနာမှုအကူအညီတွေကို ကုလသမဂ္ဂ အေဂျင်စီတွေကတဆင့် ပေးအပ်နိုင်ဖို့အတွက် ပျော့ပြောင်းတဲ့ တိုးတက်မှုတွေ ဖြစ်လာအောင် လုပ်နိုင်ခဲ့တာ စတဲ့ အောင်မြင်မှုတွေ ရခဲ့တဲ့အကြောင်း ဖြေကြားသွားပါတယ်။

မနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒန်နီဖန်းစတားရဲ့ မိသားစုဝင်တွေ နေထိုင်တဲ့ မစ်ရှီဂန်ပြည်နယ် အောက်လွှတ်တော်အမတ် Andy Levan၊ အမေရိကန် အစိုးရရဲ့ ဓားစာခံများလွတ်မြောက်ရေးဆိုင်ရာ အထူးသံတမန် ရော်ဂျာ ကာစတန်၊ သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ CPJ ညွှန်ကြားရေးမှူး ဂျိုဝယ်ဆိုင်မွန် တို့ကလည်း တက်ရောက် စကားပြောကြားခဲ့ရာမှာ ဒန်နီဖန်းစတား လွတ်မြောက်ဖို့အတွက် စေ့စပ်ညှိနှိုင်းပေးခဲ့တဲ့ မစ္စတာ ဘေလ်ရစ်ချတ်ဆန်နဲ့ရစ်ချတ်ဆန် စင်တာ ဝန်ထမ်းတွေကို ချီးကျူးဂုဏ်ပြုကြောင်း၊ အမေရိကန်အစိုးရအနေနဲ့ နိုင်ငံပေါင်းစုံနဲ့ ထိတွေ့ဆက်ဆံမှု ရှိဖို့ အရေးကြီးကြောင်းနဲ့ မြန်မာနိုင်ငံမှာ ကျန်ရှိနေသေးတဲ့ ဖမ်းဆီးခံသတင်းသမားတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့ တောင်းဆိုကြောင်း ပြောခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ စစ်တပ်ကအာဏာသိမ်းပြီးကတည်းက ဖမ်းဆီးခံထားရတဲ့ သတင်းသမား အနည်းဆုံး ၁၀၀ လောက်ရှိပြီး အခုလွတ်မြောက်လာတဲ့ ဒန်နီဖန်းစတားဟာ ဒီထဲကတစ်ဦးသာ ဖြစ်တယ်လို့ အေပီသတင်းဌာနက ရေးသားဖော်ပြခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။