ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုတွေကို ရုံးချိန်းရွှေ့ဆိုင်း
2021.07.16
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ ဒေါက်တာမျိုးအောင်၊ ဦးရဲမင်းဦးနဲ့ ဦးမင်းသူ တို့ကို သက်ဆိုင်ရာတရားရုံးတွေက ဇူလိုင်လ ၁၆ ရက် ဒီနေ့မှာ ဗီဒီယိုအွန်လိုင်းစနစ်နဲ့ ခေါ်ယူတွေ့ဆုံပြီး အမှုတွေကို မူလချိန်းဆိုထားတဲ့ရက်တွေကနေ နောက်ဆုတ်လိုက်တယ်လို့ အကျိုးဆောင် ရှေ့နေက RFA ကို ပြောပါတယ်။
နေပြည်တော် ဇမ္ဗူသီရိမြို့နယ်က အထူးတရားရုံးမှာ စစ်ဆေးနေတဲ့အမှုတွေအတွက် အရင်က ဇူလိုင်လ ၂၀ နဲ့ ၂၂ နေ့တွေကို ချိန်းဆိုထားတဲ့အမှုတွေကို ဇူလိုင် ၂၆ နဲ့ ၂၇ ရက်နေ့တွေကို ရွှေ့ဆိုင်းလိုက်တာဖြစ်ပြီး မန္တလေး တိုင်းတရားရုံးမှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနဲ့ စွဲထားတဲ့အမှုတွေအတွက်လည်း ဇူလိုင်လ ၂၂ ရက်နေ့အစား ဇူလိုင်လ ၃၀ ရက်နေ့ကို ရွှေ့ဆိုင်းလိုက်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေ ဒေါ်မင်းမင်းစိုး က ပြောပါတယ်။
“ရုံးချိန်းရွှေ့တယ် ဆိုတဲ့အကြောင်းကို ဒီနေ့မှာ ဗီဒီယိုကွန်ဖရန့်ဇင်းနဲ့ ပြောလိုက်တာ။ ရုံးထုတ်တာ မဟုတ်ဘူး ရုံးချိန်းရွှေ့လိုက်တာ”
အရင် ရုံးချိန်း ချိန်းဆိုထားတဲ့ရက်တွေက စစ်ကောင်စီက အများပြည်သူ ရုံးပိတ်ရက်ရှည်အဖြစ် ကြေညာ ထားတဲ့ ဇူလိုင် ၁၇ ရက်နေ့ကနေ ၂၅ ရက်နေ့ထိ ရုံးပိတ်ရက် ၉ ရက်တာကာလအတွင်းကို ကျရောက်နေ တာပါ။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုတွေနဲ့ပတ်သက်လို့ အရင်ရုံးချိန်းရက်တွေယူတုန်းက စစ်ကောင်စီက ရုံးပိတ်ရက်ရှည်ပိတ်တဲ့အကြောင်း မကြေညာသေးခင်အချိန်ဖြစ်ပြီး အခုလို ကြေညာလိုက်တဲ့နောက်ပိုင်းမှာ ရုံးချိန်းရက်တွေကို ထပ်မံရွှေ့ဆိုင်းလိုက်တာလည်းဖြစ်ပါတယ်။
လာမယ့် ဇူလိုင်လ ၁၉ ရက်နေ့ အာဇာနည်နေ့မှာလည်း ရန်ကုန်က အာဇာနည်ဗိမာန်ကို ဒေါ်အောင်ဆန်း စုကြည် လာရောက်ဂါရဝပြုခွင့်ရ မရ ဆိုတာလည်း မသိရသေးပါဘူး။
အရင်စစ်အစိုးရလက်ထက် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျခံနေရစဉ်ကာလတွေမှာတော့ စစ်အစိုးရက သူ့ကို ဇူလိုင်လ ၁၉ ရက် အာဇာနည်နေ့ရောက်တိုင်း အာဇာနည်ဗိမာန်ကို နှစ်စဉ် လာရောက် ဂါရဝပြုခွင့်ပေးခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို နှစ်ရှည်ထောင်ဒဏ်ချမှတ်နိုင်တဲ့ ပုဒ်မတွေဖြစ်တဲ့ မြန်မာနိုင်ငံ လျှို့ဝှက်အက်ဥပဒေ ပုဒ်မ ၃-၁(ဂ)၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ (၅၅) ပုဒ်မတွေအပါအဝင် အမှုပေါင်း စုစုပေါင်းအမှု (၉) ခုနဲ့ စစ်ကောင်စီက တရားစွဲဆိုထားပါတယ်။
ဒါကြောင့် အဲဒီအမှုတွေအားလုံးကိုသာ စစ်ကောင်စီက အမြင့်ဆုံးပြစ်ဒဏ်တွေ ပေးခဲ့မယ်ဆိုရင် စုစုပေါင်း ထောင်ဒဏ်အနှစ် ၄၀ ကျော်ကျခံရမှာဖြစ်ပါတယ်။