ဒေါ်အောင်ဆန်းစုကြည် စင်္ကာပူနိုင်ငံမှ ပြန်လည်ရောက်ရှိ

0:00 / 0:00

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်ဟာ စင်္ကာပူနိုင်ငံကို ၅ ရက်ကြာ ခရီးစဉ်အဖြစ် စက်တင်ဘာလ ၂ဝ ရက်နေ့က စတင်သွားရောက် ခဲ့တာဖြစ်ပြီး ဒီနေ့ နေ့လည် ၁၂ နာရီ ၁၅ မိနစ်မှာ ရန်ကုန်မြို့ကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ စင်္ကာပူခရီးစဉ်နဲ့ ပတ်သက်ပြီး အတူလိုက်ပါသွားတဲ့ ဒဂုံမြို့သစ်ဆိပ်ကမ်း ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမျိုးအောင်က အခုလိုပြောပါတယ်။

"အခုက အားလုံးသိတဲ့အတိုင်းပဲလေ၊ လွှတ်တော် ကိုယ်စားလှယ်ပဲဆိုတော့ လက်တွေ့နိုင်ငံရဲ့ ပေါ်လစီမှာတော့ ပါဝင်လို့မရဘူးပေါ့၊ နိုင်ငံရေးသဘောတရား၊ စီးပွားရေး၊ ပညာရေးစသဖြင့် အခြေခံကတော့ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါတယ်၊ သမ္မတကြီးနဲ့တစ်ခေါက်၊ လက်ရှိဝန်ကြီးချုပ် လီရှန်လွန်းနဲ့တစ်ခေါက် အရင်တုန်းက ဝန်ကြီးချုပ်ဟောင်း အခုလက်ရှိဝါရင့်ဝန်ကြီးတစ်ဦးဖြစ်တဲ့ ဂိုချောက်တောင်နဲ့ တစ်ခေါက်ပေါ့ ဆွေးနွေးကြတယ်"

ဒေါ်အောင်ဆန်းစုကြည်ဟာ စက်တင်ဘာလ ၂ဝ ရက်နေ့ ညနေပိုင်းမှာ စင်္ကာပူ ထိပ်သီးဆွေးနွေးပွဲ ညစာစားပွဲကို တက်ရောက်ခဲ့ပြီး စက်တင်ဘာလ ၂၁ ရက်နေ့မှာတော့ ၂ဝ၁၃ စင်္ကာပူထိပ်သီးဆွေးနွေးပွဲမှာ တက်ရောက် မိန့်ခွန်းပြောကြားခဲ့ပါတယ်။ စက်တင်ဘာလ ၂၂ ရက်နေ့ မနက်ပိုင်းမှာ မြန်မာမိသားစုတွေနဲ့ တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ သက်ဆိုင်တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအပြင် ပညာရေး တိုးတက်မှုကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။

အဲဒီနောက် စက်တင်ဘာလ ၂၃ ရက်နေ့မှာတော့ စင်္ကာပူဝန်ကြီးချုပ် Lee Hsien Long အပြင် နိုင်ငံခေါင်းဆောင်တချို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့သလို စင်္ကာပူနိုင်ငံအခြေစိုက် စီးပွားရေး လုပ်ငန်းရှင်တွေနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်မှာ လိုက်ပါသွားခဲ့တဲ့ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမျိုးအောင်ကို RFA သတင်းထောက် မရတနာဦး ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။