ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှုနဲ့ စစ်ကောင်စီက အမှုထပ်တိုး

2022.02.03
ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှုနဲ့ စစ်ကောင်စီက အမှုထပ်တိုး ၂ဝ၁၉ ခုနှစ်က ရန်ကုန်မြို့တွင် ပြုလုပ်သော ဖွင့်ပွဲအခမ်းအနားတစ်ခုကို တက်ရောက်လာသော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်။
ၤ္File Photo: Reuters

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ နဲ့ နောက်ထပ်တစ်မှု ထပ်ဖွင့်လိုက်တယ်လို့ စစ်ကောင်စီရဲ့ သတင်းပြန်ကြားရေးအဖွဲ့က ဖေဖော်ဝါရီ ၃ ရက်နေ့ ညနေပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ ဆောင်ရွက်ချက်တွေမှာ အဂတိလိုက်စားမှုတွေ ရှိတယ်ဆိုပြီး တိုင်ကြားထားတဲ့ အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က အဖွဲ့ဖွဲ့ပြီး စုံစမ်းစစ်ဆေးခဲ့တာလို့ ဆိုပါတယ်။ တိုင်ကြားတဲ့ ပုဂ္ဂိုလ် ဒါမှမဟုတ် အဖွဲ့အစည်းရဲ့အမည်ကိုတော့ စစ်ကောင်စီက ဖော်ပြထားတာ မရှိပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ဟာ ပုဂ္ဂလိက လုပ်ငန်းရှင်တစ်ဦးက သူ့ရဲ့စီးပွားရေးလုပ်ငန်းတွေ အဆင်ပြေစေဖို့ "ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း" လှူဒါန်းငွေအဖြစ် အကြောင်းပြ ပေးအပ်ခဲ့တဲ့ အမေရိကန်ဒေါ်လာ ၅ သိန်း ၅ သောင်းကို ၂၀၁၉ နဲ့ ၂၀၂၀ နှစ်နှစ်အတွင်း လေးကြိမ်ခွဲပြီး လက်ခံရရှိခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်တဲ့အတွက် ထပ်ပြီး အမှုဖွင့်လိုက်တာလို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် စွဲဆိုခံထားရတဲ့ အမှုတွေကို လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ ရှေ့နေအဖွဲ့က တစ်စုံတရာ ထုတ်ပြန်ကြေညာတာ မရှိသေးပါဘူး။

စစ်ကောင်စီရဲ့ ဖမ်းဆီးတရားစွဲဆိုမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းမာရေးမကောင်းလို့ နေပြည်တော်က ဖေဖော်ဝါရီ ၃ ရက် တရားရုံးချိန်းကို မလာနိုင်ဘူးလို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ NLD အစိုးရရဲ့ စီးပွားရေးအကြံပေး မစ္စတာရှောင်တားနဲလ်အပေါ် စစ်ကောင်စီက စွဲဆိုထားတဲ့ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက် ဥပဒေပုဒ်မ ၃ (၁) (ဂ) အမှုမှာ စီမံ/ဘဏ္ဍာဝန်ကြီး ဦးစိုးဝင်း၊ စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်း၊ စီမံ/ဘဏ္ဍာနဲ့ စက်မှု ဒုဝန်ကြီး ဦးဆက်အောင်တို့နဲ့အတူ ပူးတွဲ စွဲဆိုခံထားရတာ ဖြစ်ပါတယ်။

အသက် ၇၆ နှစ် ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်နိုင်တဲ့ အစိုးရလျှို့ဝှက်ချက်များ ဥပဒေ ပုဒ်မ - ၃ (၁) (ဂ)၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ - ၅၅ အပါအဝင် စုစုပေါင်းအမှု ၁၈ ခုနဲ့ တရားစွဲခံထားရတာပါ။ လောလောဆယ် အဲဒီထဲက အမှုငါးမှုအတွက် ထောင်ဒဏ်ခြောက်နှစ် ချမှတ်ခံထားရပြီး ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Kyaw min
2022-02-04 03:12

Very good 👍👍👍