ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဂတိအမှု လာမယ့်အပတ် အပြီးသတ်အမိန့်ချမည်

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဦးဖြိုးမင်းသိန်းက ရွှေနဲ့ ဒေါ်လာ တွေ ပေးတယ်လို့ စစ်ကောင်စီက စွပ်စွဲထားတဲ့ အဂတိအမှုအတွက် ဧပြီလ ၁၈ ရက်နေ့ ဒီနေ့ နေပြည်တော် အထူးတရားရုံးမှာ နှစ်ဖက်စလုံးက အပြီးသတ်လျှောက်လဲချက် ပေးခဲ့ကြတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဒီနေ့ရုံးချိန်းမှာ အပြီးသတ်လျှောက်လဲချက်ပေးပြီး ဖြစ်တာကြောင့် နောက်တစ်ပတ် ဧပြီလ ၂၆ ရက်နေ့မှာ အပြီးသတ် အမိန့်ချမှတ်ဖို့အတွက် တရားရုံးက ရုံးချိန်း ပြန်ချိန်းခဲ့ပါတယ်။

ဒီအမှုဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ၂၀၁၇ ဒီဇင်ဘာလ ကနေ ၂၀၁၈ မတ်လ အကြားမှာ အမေရိကန်ဒေါ်လာခြောက်သိန်းနဲ့ အကယ်ဒမီရွှေ ခုနစ်ပိဿာကို ဒေါ်အောင်ဆန်းစုကြည်က သုံးကြိမ်ခွဲပြီး လက်ခံရယူခဲ့တယ်ဆိုပြီး စစ်ကောင်စီက စွပ်စွဲထားတဲ့ အမှု ဖြစ်ပါတယ်။

ဒီအမှုနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က “ရွှေနဲ့ ဒေါ်လာတွေ ဦးဖြိုးမင်းသိန်းက ပေးစရာ ဘာအကြောင်းမှ မရှိဘူး။ ယူစရာအကြောင်းလည်း မရှိဘူး။ ဒါတွေအားလုံးဟာ လက်တွေ့မမြင်ရတဲ့ စိတ်ကူးနဲ့ လုပ်ကြံ ဖန်တီးမှုတွေသာဖြစ်တယ်”လို့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ရုံးချိန်းတစ်ခုမှာ ပြောဆိုထားပါတယ်။

ဒီအမှုရဲ့ တရားလိုဖြစ်တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် စစ်ဆေးရေးမှူး ဦးရဲထက်ကလည်း ဦးဖြိုးမင်းသိန်းပေးခဲ့တယ်ဆိုတဲ့ ရွှေနဲ့ ဒေါ်လာ သက်သေခံပစ္စည်းတွေ ဒေါ်အောင်ဆန်းစုကြည်ထံက သိမ်းဆည်းရမိခဲ့တာ မရှိဘူးလို့ ရုံးချိန်းတစ်ခုမှာ ထွက်ဆို ထားပါတယ်။

စစ်ကောင်စီက စွဲဆိုထားတဲ့ အဲဒီ အဂတိအမှုအတွက် ဖေဖော်ဝါရီလ ၂၈ ရက်နေ့က နေပြည်တော် အထူးတရားရုံးမှာပဲ စွဲချက်တင် ခံထားရတာပါ။

ဒီနေ့ရုံးချိန်းမှာတော့ အခုအဂတိအမှုအပြင် ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ နောက်ထပ် အဂတိမှု လေးမှုအတွက်လည်း တရားလိုပြသက်သေတွေကို စစ်ဆေး ခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံရနိုင်တဲ့ အစိုးရလျှို့ဝှက်ချက်များ ဥပဒေပုဒ်မ - ၃ (၁) (ဂ)၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ - ၅၅ အပါအဝင် စုစုပေါင်းအမှု ၁၈ ခုနဲ့ တရားစွဲခံထားရတာပါ။

လောလောဆယ် အဲဒီထဲက အမှု ငါးမှုအတွက် ထောင်ခြောက်နှစ် ချမှတ်ခံထားရပါတယ်။