နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တရားရင်ဆိုင်နေရတဲ့ အမှုတွေထဲက ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ ဆက်စပ်ပြီး စွဲဆိုထားတဲ့ အဂတိအမှု လေးမှုကို လာမယ့် ဇူလိုင်လ ၂၅ ရက်နေ့ ရုံးချိန်းမှာ အပြီးသတ် လျှောက်လဲချက် ပေးရမယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ - ၅၅ နဲ့ စွဲဆိုထားတဲ့ အမှုအမှတ် ၃၊ ၄၊ ၅၊ ၂၅ အမှု လေးမှုကို အပြီးသတ် လျှောက်လဲချက်ပေးရမှာဖြစ်ပြီး အမှုအမှတ် ၅ အတွက် ဇူလိုင်လ ၁၁ ရက် ဒီနေ့ရုံးချိန်းမှာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ထွက်ဆိုခဲ့တယ်လို့ ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေကို ပြည်တွင်းပြည်ပမီဒီယာတွေနဲ့ ဆက်သွယ်ပြောဆိုခွင့် စစ်ကောင်စီက ပိတ်ပင်ထားတာကြောင့် ထွက်ဆိုချက်အသေးစိတ်ကိုတော့ မသိရသေးပါဘူး။
အဲဒီအမှုတွေဟာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရဲ့ လရောင်တော အသက်မွေးပညာသင်တန်းကျောင်း စီမံကိန်းအတွက် နေပြည်တော်မှာ မြေနေရာရယူတာ၊ ရန်ကုန်က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရုံးချုပ်မြေနေရာနဲ့ အဆောက်အအုံ ငှားရမ်းတဲ့ ကိစ္စရပ်တွေနဲ့ သက်ဆိုင်တဲ့အမှုတွေ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်၊ ဒု-မြို့တော်ဝန် ဦးရဲမင်းဦးနဲ့ နေပြည်တော် စည်ပင်ကော်မတီဝင် ဦးမင်းသူတို့လည်း ဒီအမှုတွေမှာ ပူးတွဲ စွဲဆိုခံထားရပါတယ်။
အပြီးသတ်လျှောက်လဲချက်ပေးပြီးရင် အမိန့်ချတဲ့အဆင့်ကို ရောက်မှာဖြစ်တာကြောင့် နောက်ထပ် ရုံးချိန်း နှစ်ချိန်းသာကျန်ရှိပြီး နောက်လ သြဂုတ်ထဲမှာ အမိန့်ချမှတ်ဖွယ်ရှိတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဒီနေ့ရုံးချိန်းမှာပဲ နောက်ထပ် အဂတိမှုဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အစိုးရလက်ထက် ရဟတ်ယာဉ် ငှားရမ်းအသုံးပြုမှုနဲ့ သက်ဆိုင်တဲ့ အမှုအမှတ် (၄၆) အတွက် လူကယ်ပြန်ဒုဝန်ကြီး ဦးစိုးအောင်ကို အပြန်အလှန် စစ်မေးတာတွေ ပြုလုပ်ခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်နေ့ကတည်းက အသက် ၇၇ နှစ် ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော် အချုပ်ထောင်ထဲက သီးသန့်ဆောင်တစ်ခုကို ပြောင်းရွှေ့ခံခဲ့ရပြီး ကျန်နေတဲ့ အမှုတွေကိုလည်း အချုပ်ထောင်တွင်း တရားရုံးမှာပဲ ဆက်လက်တရားရင်ဆိုင် နေရတာပါ။
စစ်တပ်က အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ဟာ အမှုပေါင်း ၁၉ ခုနဲ့ တရားစွဲဆိုခံထားရပြီး လက်ရှိမှာ အမှုခြောက်မှုအတွက် ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံထားရပါတယ်။