ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး Burma Campaign UK တောင်းဆို
2025.01.14

စစ်ကောင်စီက ဖမ်းဆီးအကျဥ်းချထားတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေအားလုံး ပြန်လွှတ်ပေးဖို့ ဗြိတိန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ (Burma Campaign UK) က ဇန်နဝါရီ ၁၄ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၉ ခုနှစ်ကစတင်ပြီး အကြိမ်ကြိမ် ဖမ်းဆီးခံရပြီးနောက် အကျဥ်းချခံရတဲ့နှစ် စုစုပေါင်း ၁၉ နှစ် ရှိလာပြီလို့ ဆိုပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့က ဖမ်းဆီးခံရတာဟာ ဒေါ်အောင်ဆန်းစုကြည်အတွက် လေးကြိမ်မြောက် ဖမ်းဆီးခံရတာလို့ ဖော်ပြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ၁၉ နှစ်ကြာ ချုပ်နှောင်ထားတာက သူ့ကို မြန်မာစစ်တပ်က ဆယ်စုနှစ်နဲ့ချီပြီး ကြောက်လန့်နေတုန်းပဲဆိုတာ ပြသနေတယ်လို့ Burma Campaign UK ရဲ့ ညွှန်ကြားရေးမှူး Mark Farmaner က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဥ်းသားအားလုံးကို စစ်ကောင်စီက ချက်ချင်း ပြန်လွှတ်သင့်တယ်လိုလည်း ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ရွေးကောက်ပွဲတိုင်းမှာ ပြည်သူလူထုရဲ့ ထောက်ခံမှုအပြည့်အဝနဲ့ အနိုင်ရခဲ့ပြီး မြန်မာစစ်တပ်ကတော့ ဘယ်တုန်းကမှ အခုလို အနိုင်မရဖူးတာကြောင့် တရားဝင်မှုမရှိဘူးလို့ Burma Campaign UK က ဖော်ပြပါတယ်။
ဒီထုတ်ပြန်ချက်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုလာတာ မတွေ့ရသေးပါဘူး။
၂၀၂၁ ခုနှစ် နောက်ဆုံးအာဏာသိမ်းမှုကစတင်ပြီး လက်ရှိအချိန်အထိ နိုင်ငံရေးအကျဥ်းသားအရေအတွက်ဟာ ၂၀၁၀ ခုနှစ်မတိုင်မီ အရင်စစ်အစိုးရလက်ထက် အရေအတွက်ထက် ဆယ်ဆ ပိုများနေတယ်လို့လည်း Burma Campaign UK က ဖော်ပြထားပါတယ်။
နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဇန်နဝါရီ ၁၄ ရက်နေ့အထိ စာရင်းတွေအရ အာဏာသိမ်းကာလအတွင်း နိုင်ငံရေးနဲ့ဆက်စပ်ပြီး လူနှစ်သောင်းကျော် (၂၁,၅၀၇ ဦး) ဖမ်းဆီးထိန်းသိမ်းခံထားရဆဲ ဖြစ်ပါတယ်။