နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ဇူလိုင်လ ၇ ရက် ဒီနေ့ မနက်ပိုင်းက နေပြည်တော် အချုပ်ထောင် တရားရုံးကို လာရောက်ခဲ့ပေမယ့် စစ်ဆေးမယ့် တရားသူကြီး မလာတာကြောင့် အမှုကို စစ်ဆေးနိုင်ခြင်း မရှိဘူးလို့ တရားရုံးနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းက ခြံအမှတ် (၅၄) နေအိမ်ကို ပြန်ပို့လိုက်ပြီဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပြီး ဒီနေ့မနက်ပိုင်းထိ နေပြည်တော်အချုပ်ထောင်မှာပဲ ဆက်ရှိနေတယ်လို့ တရားရုံးနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
“အန်တီ ဒေါ်အောင်ဆန်းစုကြည်က ဒီကပဲ (နေပြည်တော်) အချုပ်ထောင်ထဲကနေပဲ ထွက်လာတာပါပဲ။ ဒီနေ့ အမှုကတော့ မစစ်ဖြစ်ဘူး။ တရားသူကြီးက ခွင့်တင်လို့။ နိုင်ငံတော် လျှို့ဝှက်ချက် ဥပဒေကို မစစ်ဖြစ်ဘူး။ ဒေါ်အောင်ဆန်းစုကြည် ဒီမှာ ရှိနေတာ အကုန်မြင်နေတာပဲလေ။ တခြားရှေ့နေတွေလည်း အများကြီးပဲ”
တရားရုံးနဲ့ နီးစပ်တဲ့ နောက်ထပ် သတင်းရင်းမြစ်တစ်ခုကတော့ ဒီနေ့ ရုံးချိန်းကို စစ်ဆေးမယ့် တရားသူကြီး မလာတာ ထူးခြားချက်တစ်ခု ဖြစ်တယ်လို့ RFA ကို ပြောပါတယ်။
“ဒီနေ့လည်း နေပြည်တော်မှာပဲ ရုံးထုတ်တာပါ။ သူ့လူနဲ့ ပစ္စည်းတွေကို ရန်ကုန်ကို ပို့လိုက်တော့ ဒီသတင်းတွေ ထွက်လာတာပါ။ အခုထိတော့ သူက ထောင်ထဲမှာ။ ဒါပေမဲ့ နောက်ပိုင်းမှာ ဒါတွေ ဖြစ်လာနိုင်တယ်။ တစ်ခု ထူးခြားနေတာက တရားသူကြီး မလာတာ။ အရင်ရုံးချိန်းတွေ တစ်ခါမှ မပျက်ဘူးတာ။ မလာဘူးဆိုကတည်းက မလာရတဲ့ အကြောင်းတွေ ရှိနေလောက်ပြီလို့ ထင်တယ်”
ပြီးခဲ့တဲ့ ဇူလိုင်လ ၄ ရက်နေ့ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်က လျှို့ဝှက် နေရာတစ်ခုမှာ ထိန်းသိမ်းထားစဉ် သူနဲ့အတူ နေထိုင်ခဲ့သူ ရှစ်ဦးလုံး ရန်ကုန်မြို့ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းက ခြံအမှတ် (၅၄) ကို စစ်တပ်က ပြန်ပို့ ပေးခဲ့ပါတယ်။
ဒီနေ့ ရုံးချိန်းကတော့ NLD အစိုးရရဲ့ စီးပွားရေးအကြံပေးအဖြစ် တာဝန်ယူခဲ့တဲ့ ဩစတြေးလျ နိုင်ငံသား မစ္စတာ ရှောင်တားနဲလ်ကို စွပ်စွဲထားတဲ့ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ- ၃ (၁) (ဂ) အမှုကို စစ်ဆေးဖို့ရှိနေတာပါ။
ဒီအမှုမှာ ဒေါ်အောင်ဆန်းစုကြည်၊ စီမံကိန်းနဲ့ ဘဏ္ဍာရေး ဝန်ကြီး ဦးစိုးဝင်း၊ စီမံကိန်းနဲ့ ဘဏ္ဍာရေးနဲ့ စက်မှု ဒုဝန်ကြီး ဦး ဆက်အောင်၊ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဟောင်း ဦးကျော်ဝင်းတို့လည်း အမှုတွဲအဖြစ် ပါဝင်ပြီး ဝန်ကြီး ဦးစိုးဝင်းကတော့ သူ့အသက်အရွယ်နဲ့ ကျန်းမာရေးကြောင့် အချုပ်မကျဘဲ အာမခံနဲ့ တရားရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်နေ့ကတည်းက အသက် ၇၇ နှစ် ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ဟာ နေပြည်တော် အချုပ်ထောင်ထဲက သီးသန့်ဆောင်တစ်ခုကို ပြောင်းရွှေ့ခံခဲ့ရပြီး ကျန်နေတဲ့ အမှုတွေကိုလည်း အချုပ်ထောင်တွင်း တရားရုံးမှာပဲ ဆက်လက်တရားရင်ဆိုင် နေရတာပါ။
စစ်တပ်က အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ဟာ အမှုပေါင်း ၁၉ ခုနဲ့ တရား စွဲဆိုခံထားရပြီး လက်ရှိမှာ အမှုခြောက်မှုအတွက် ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံထား ရပါတယ်။