ဒေါ်အောင်ဆန်းစုကြည် ထောင်ခြောက်နှစ်ထပ်တိုးချခံရပြီး ထောင်ဒဏ် ၁၇ နှစ်ထိရှိလာ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တရားရင်ဆိုင်နေရတဲ့ အမှုတွေထဲက ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ ဆက်စပ်ပြီး စွဲဆိုထားတဲ့ အဂတိလေးမှုအတွက် နေပြည်တော်အချုပ်ထောင်တွင်း တရားရုံးကနေ သြဂုတ်လ ၁၅ ရက် မနေ့က ထောင်ဒဏ်ခြောက်နှစ် ထပ်မံချမှတ်လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ - ၅၅ နဲ့ စွဲဆိုထားတဲ့ အမှုအမှတ် ၃၊ ၄၊ ၅၊ သုံးမှုကို တစ်ပေါင်းတည်း ကျခံစေတာကြောင့် ထောင်ဒဏ်သုံးနှစ်နဲ့ အမှု အမှတ် ၂၅ အမှု ကို ထောင်သုံးနှစ်ချတာကြောင့် စုစုပေါင်း ထောင်ဒဏ်ခြောက်နှစ် ချမှတ်ခံရတာပါ။

အရင်ကလည်း အမှုခြောက်မှုအတွက် ထောင်ဒဏ် ၁၁ နှစ်ချမှတ်ခံထားရတာကြောင့် အခုအချိန်ထိ ထောင်ဒဏ် ၁၇ နှစ်ထိကျခံရမှာပါ။

အခုအမိန့်ချမှတ်တဲ့ အမှုတွေဟာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရဲ့ လရောင်တော အသက်မွေးပညာသင်တန်းကျောင်း စီမံကိန်းအတွက် နေပြည်တော်မှာ မြေနေရာရယူတာ၊ အဲဒီမြေနေရာမှာ အဆောက်အအုံ ဆောက်တာနဲ့ ရန်ကုန်က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရုံးချုပ်မြေနေရာနဲ့ အဆောက်အအုံ ငှားရမ်းတဲ့ ကိစ္စရပ်တွေနဲ့ သက်ဆိုင်တဲ့အမှုတွေ ဖြစ်ပါတယ်။

စစ်တပ်က နိုင်ငံတော်အာဏာကို ဥပဒေမဲ့သိမ်းယူထားတာကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချတဲ့ လုပ်ရပ်တွေကလည်း တရားဥပဒေနဲ့မညီဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုဦး က ပြောပါတယ်။

“အစကတည်းက လွဲနေတဲ့ ကိစ္စတစ်ခုပေါ့။ လွဲချက်တွေကတော့ အများကြီးပဲလေ။ စပြီးတော့ အာဏာသိမ်းတာကိုက ဥပဒေကိုချိုးဖောက်ပြီးသိမ်းတာ။ အဲဒါ သူတို့ကနေပြီးတော့ ဥပဒေဘက်က ရှိနေသလို ပြောတယ်ဆိုတာက ရယ်စရာကြီးလေ။ ဒါကြောင့်လည်း လက်မခံတာပေါ့ဗျာ သူတို့ကိုလေ”

မနေ့က အမိန့်ချတဲ့အမှုတွေမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်၊ ဒု-မြို့တော်ဝန် ဦးရဲမင်းဦးနဲ့ နေပြည်တော် စည်ပင်ကော်မတီဝင် ဦးမင်းသူတို့လည်း ဒီအမှုတွေမှာ ပူးတွဲ စွဲဆိုခံထားရပါတယ်။ ဒေါက်တာမျိုးအောင်၊ ဦးရဲမင်းဦးနဲ့ ဦးမင်းသူ တို့ကို ထောင်ဒဏ်နှစ်နှစ်စီ ပြစ်ဒဏ်ထပ်မံချမှတ်တာပါ။

“နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းအရ မဖြေရှင်းဘဲနဲ့ တစ်ဦးကို တစ်ဦး အာဃာတတရားနဲ့ ဖြေရှင်းနေတဲ့ ပုံစံမျိုး ဖြစ်နေတယ်”

ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်တွေ ဆက်တိုက်ချမှတ်နေတာနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ သဘောထားကို သိနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်ပေမယ့် အကြောင်းမပြန်ပါဘူး။

ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ အခုလို အမှုတွေ စွဲဆိုထားရတာက တရားဥပဒေအတိုင်း လုပ်တာဖြစ်ပြီး တရားဥပဒေအထက်မှာ ဘယ်သူမှမရှိဘူးလို့ အရင်က ဖြေဆိုဖူးပါတယ်။

အခုအမိန့်ချခဲ့အမှုတွေထဲမှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် နေပြည်တော်မှာရှိတဲ့ လရောင်တော စိုက်ပျိုးအသက်မွေးပညာ သင်တန်းကျောင်းစီမံကိန်းအတွက် မြေ ၁၂၅ ဧကကို ထိုက်သင့်တန်ဖိုးအတွက် လျော့နည်းပေးချေရယူခဲ့လို့ နိုင်ငံတော် ဘဏ္ဍာတွေ ဆုံးရှုံးခဲ့တယ်ဆိုပြီး စစ်ကောင်စီက စွပ်စွဲခဲ့တာတွေလည်းရှိပါတယ်။

နိုင်ငံ့အကျိုးအတွက်လုပ်ခဲ့တဲ့ စီမံကိန်းကို ဒေါ်အောင်ဆန်းစုကြည်ကြောင့်ဆိုပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနဲ့ တရားစွဲဆိုခဲ့တာက မဖြစ်သင့်ဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဥပဒေပညာရှင် တစ်ဦးက ပြောပါတယ်။

“နိုင်ငံအတွက် အကျိုးရှိရာရှိကြောင်း၊ နိုင်ငံသားတွေ တိုးတက်ရာ တိုးတက်ကြောင်း၊ ကြီးပွားရာ ကြီးပွားကြောင်းအတွက် ဆောင်ရွက်မယ့် စီမံကိန်းမှန်ခဲ့ရင် နိုင်ငံတော် ဘဏ္ဍာငွေ ဆုံးရှုံးတယ်ဆိုတဲ့ စွပ်စွဲချက်က မစဉ်းစားသင့်ဘူးလို့ မြင်တယ်။ လရောင်တောစီမံကိန်းလို နိုင်ငံသားတွေအကျိုးရှိနိုင်မယ့် နိုင်ငံအတွက် အကျိုးရှိနိုင်မယ့် စီမံကိန်းမျိုးတွေကို ဒေါ်အောင်ဆန်းစုကြည်ကြောင့် ဆိုတဲ့နာမည်တစ်ခုပေါ်မှာ မူတည်ပြီးတော့ ဒီလိုအရေးယူလိုက်တာကတော့ ရှေ့ဆက်ပြီးတော့ နိုင်ငံသားတွေအတွက် အကျိုးရှိရာရှိကြောင်း စီမံကိန်းတွေကို ဟန့်တားပိတ်ပင်ရာရောက်တယ်”

ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဋ္ဌ ဦးသာထွန်းလှကတော့ စစ်ကောင်စီရဲ့ အခုလုပ်ရပ်ဟာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ မဖြေရှင်းဘဲ ထောင်သွင်းအကျဉ်းချတာတွေက လုပ်သင့်တဲ့ လုပ်ရပ်မဟုတ်ဘူးလို့ ပြောပါတယ်။

“ဒါကတော့ မြန်မာနိုင်ငံမှာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းအရ မဖြေရှင်းဘဲနဲ့ တစ်ဦးကို တစ်ဦး အာဃာတတရားနဲ့ ဖြေရှင်းနေတဲ့ ပုံစံမျိုး ဖြစ်နေတယ်။ အဲဒါကြောင့် အခုလို နိုင်ငံရေးကိစ္စနဲ့ဆိုင်တဲ့ ပုဂ္ဂိုလ်တွေကို အဲဒီလိုထောင်သွင်းအကျဉ်းချတဲ့ လုပ်ရပ်တွေက လုပ်သင့်တဲ့လုပ်ရပ်မဟုတ်တော့ဘူးလို့ ကျနော်အဲဒီလိုပြောချင်တယ်”

ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်မပေးဘဲ ထောင်သွင်းအကျဉ်းချနေတဲ့ကိစ္စကလည်း နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းလိုစိတ် အားနည်းနေတဲ့လုပ်ရပ်လို့ သူကဆိုပါတယ်။

အသက် ၇၇ နှစ် ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် အမှုပေါင်း ၁၉ ခုနဲ့ တရားစွဲဆိုခံထားရတာပါ။

အခုအမိန့်ချမှတ်ထားတဲ့ အမှုတွေအပြင် နှစ်ရှည်ထောင်ဒဏ်တွေချမှတ်နိုင်တဲ့ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ- ၃ (၁) (ဂ) အမှုအပါအဝင် ကျန်ရှိနေတဲ့ အမှု ကိုးမှုအတွက် နေပြည်တော်အချုပ်ထောင်တွင်းတရားရုံးမှာ ဆက်လက်တရားရင်ဆိုင်နေရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မမျိုးစုံ၊ အမှုမျိုးစုံနဲ့ စွပ်စွဲပြီး ထောင်သွင်းအကျဉ်းချနေတာက သူ့ကို မြန်မာ့နိုင်ငံရေးလောကကနေ အပြီးအပိုင် ဖယ်ထုတ်ဖို့အတွက် စစ်ကောင်စီရဲ့ ကြိုးပမ်းချက်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

“စစ်ကောင်စီက အခုလို မတရားတဲ့ ပုဒ်မတွေ၊ မတရားတဲ့ ပုဒ်မတွေနဲ့ ဖမ်းဆီးစွပ်စွဲပြီးတော့ အခုထောင်တွေချနေတာရဲ့ အဓိပ္ပာယ်ကတော့ ဒေါ်အောင်ဆန်းစုကြည် မြန်မာနိုင်ငံရေးမှာ ပါဝင်ခွင့်မရအောင် ဖယ်ရှားပစ်ဖို့အတွက် သူတို့ရည်ရွယ်ချက်တွေကို အကောင်အထည်ဖော်နေတာပါ။ ဒေါ်အောင်ဆန်းစုကြည်က လာဘ်ယူ လာဘ်စားမှုတွေ ငွေကြေးမသမာမှုတွေ ဘယ်တုန်းကမှ မလုပ်ခဲ့ဘူးဆိုတာ သမိုင်းရှိပြီးသားပါ။ ဒီအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သီလ၊ သမာဓိ၊ ဂုဏ်သိက္ခာ နည်းနည်းမှ ပွန်းပဲ့ကျဆင်းမသွားနိုင်ပါဘူး”

နိုင်ငံတကာကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့နဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်သွားဖို့ တိုက်တွန်းချက်တွေရှိနေပေမယ့် စစ်ကောင်စီက ထည့်သွင်းစဉ်းစားမျိုး မရှိသေးဘူးလို့ သူကဆိုပါတယ်။

ရုံးချိန်းလာရောက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဒေါက်တာမျိုးအောင်၊ ဦးရဲမင်းဦးနဲ့ ဦးမင်းသူတို့ လေးဦးစလုံး ကျန်းမာရေးကောင်းမွန်နေတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ မဲမသမာမှုစွပ်စွဲချက်နဲ့ တရားရင်ဆိုင်နေရတဲ့ အမှုအတွက်လည်း လာမယ့် သြဂုတ်လ ၂၆ ရက်နေ့မှာ အပြီးသတ်လျှောက်လဲချက် ပေးဖို့ ရှိနေပါတယ်။