နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဂျပန်နိုင်ငံ ခရီးစဉ် ဒီနေ့ စတင်

2018-10-05
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၀ ကြိမ်မြောက် မဲခေါင်-ဂျပန် ထိပ်သီးအစည်းအဝေး တက်ရောက်ဖို့ ဂျပန်နိုင်ငံကို ၂ဝ၁၈ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့က ထွက်ခွာစဉ်
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၀ ကြိမ်မြောက် မဲခေါင်-ဂျပန် ထိပ်သီးအစည်းအဝေး တက်ရောက်ဖို့ ဂျပန်နိုင်ငံကို ၂ဝ၁၈ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့က ထွက်ခွာစဉ်
Photo: Ministry of Foreign Affairs Myanmar

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၀ ကြိမ်မြောက် မဲခေါင်-ဂျပန် ထိပ်သီးအစည်းအဝေး တက်ရောက်ဖို့ ဂျပန်နိုင်ငံကို ဒီနေ့မနက်ပိုင်းက ထွက်ခွာသွားပါတယ်။

ဂျပန်မှာရှိတဲ့ မြန်မာ့အရေး လှုပ်ရှားသူတွေက ဒေါ်အောင်ဆန်းစုကြည်ကို လေဆိပ်မှာ သွားရောက်ကြိုဆို ခဲ့ကြပေမယ့် လေဆိပ်ကနေ ထွက်ခွာသွားတာကို မတွေ့ခဲ့ရဘူးလို့ RFA ကို ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံရဲ့ ဂျပန်ခရီးစဉ်အတွင်း ရခိုင်လူငယ်များအစည်းအရုံး ( ဂျပန် ) က ဒေါက်တာအေးမောင်နဲ့ ရခိုင်နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးအပါအဝင် ရခိုင်ပြည်အရေးနဲ့ ပတ်သက်ပြီး  လာမယ့် အောက်တိုဘာလ ၈ ရက်နေ့ တိုကျိုမြို့က မြန်မာ သံရုံးရှေ့မှာ ဆန္ဒပြဖို့ စီစဉ်ထားတယ်လို့ သိရပါ တယ်။ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီခရီးစဉ်အတွင်း ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနဲ့ သီးခြားတွေ့ဆုံဖို့ စီစဉ်ထားတယ်လို့သိရပြီး ရခိုင်ပြည်နယ်အရေး အပါအဝင် စီးပွားရေး၊ ရင်နှီးမြှုပ်နှံမှု စတဲ့ကိစ္စတွေ ဆွေးနွေးသွားမယ်လို့လည်း သိရပါတယ်။

မြန်မာနိုင်ငံက လယ်ယာစိုက်ပျိုးရေးကဏ္ဍမှာ အလုပ်သမားရှားပါးလာတာတွေ ရှိနေသလို၊ အလုပ်သမားရှားပါးနေတဲ့ ဂျပန်နိုင်ငံက စိုက်ပျိုးရေးလုပ်ငန်းတွေမှာ ဘယ်လိုကိုင်တွယ် ဖြေရှင်းနိုင်သလဲဆိုတာကို နမူနာယူနိုင်ဖို့ ဖူကူရှီး မားပြည်နယ်က လယ်ယာစိုက်ပျိုးရေး လုပ်ငန်းတစ်ခုကိုလည်း ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သွားရောက်လေ့ လာဖို့ရှိတယ်လို့ ဂျပန်သတင်းဌာနတွေမှာ ရေးသားထားပါတယ်။

မဲခေါင်- ဂျပန် ထိပ်သီးအစည်းအဝေးကို အောက်တိုဘာ ၈ ရက်ကနေ ၉ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ဒီတစ်ကြိမ် ဂျပန်ခရီးစဉ်ဟာ ၆ ရက်ကြာမြင့်မှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်ကလည်း ဂျပန်နိုင်ငံဝန်ကြီးချုပ်ရဲ့ ဖိတ်ကြားချက်ကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျပန်နိုင်ငံကို ချစ်ကြည်ရေးခရီး သွားရောက်ခဲ့ဖူးတာကြောင့် ဒီတစ်ကြိမ်ဟာ နိုင်ငံ့အကြီးအကဲ တစ်ဦးအနေနဲ့ ဂျပန်ကို ဒုတိယအကြိမ်သွားတာလည်း ဖြစ်ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံနဲ့အတူ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး ဦးသောင်းထွန်း၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင်၊ သမ္မတရုံး ဒုတိယဝန်ကြီး ဦးမင်းသူ၊ စီမံကိန်းနဲ့ ဘဏ္ဍာရေး ဒုတိယဝန်ကြီး ဦးဆက်အောင်တို့ လိုက်ပါသွားကြပါတယ်။

ဒီခရီးစဉ်နဲ့ ပတ်သက်ပြီး နိုင်ငံခြားရေးဌာန က တာဝန်ရှိသူတွေကို ဆက်သွယ်ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး ။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့