တရားခွင်ထဲ ဓာတ်ပုံရိုက်တာ တားမြစ်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေ လျှောက်ထား

ခင်ခင်အိ(ဝါရှင်တန် ဒီစီ)
2021.07.13

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ နေပြည်တော် မြို့တော်ဝန် ဒေါက်တာမျိုးအောင်တို့ကို နေပြည်တော် ဇမ္ဗူသီရိမြို့နယ်က သီးသန့် အထူးတရားရုံးမှာ ဇူလိုင် ၁၃ ရက် ဒီနေ့မှာ ဆက်လက်စစ်ဆေးခဲ့ပါတယ်။

အဲဒီလို စစ်ဆေးတဲ့အခါ စစ်ကောင်စီက တာဝန်ပေးထားတဲ့ သူတွေက တရားခွင်ထဲထိ ဓာတ်ပုံတွေရိုက် မှတ်တမ်းယူတာကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေက အခုလို ဓာတ်ပုံရိုက်တာဟာ တရားရုံးကို မထီမဲ့မြင် ပြုရာရောက်တာကြောင့် ဓာတ်ပုံရိုက်တာကို တားမြစ်ပေးဖို့ လျှောက်ထားခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။

"တရားခွင်ထဲမှာ ဓာတ်ပုံရိုက်တဲ့ ကိစ္စတစ်ချက်တော့ရှိတယ်။ ဓာတ်ပုံက အမြဲတမ်း ရိုက်တယ်ပေါ့နော်။ ရိုက်တဲ့အခါကျတော့ ဒီနေ့ ဆရာဦးခင်မောင်ဇော်ကနေ တရားရုံးကို လျှောက်ပါတယ်။ တရားရုံးတွေမှာ ဓာတ်ပုံရိုက်ဖို့ ခွင့်မပြုထားဘူး။ သတင်းထောက်တွေကိုလည်း ခွင့်မပြုထားတဲ့ အတွက်ကြောင့်မိုလို့ တရားရုံးတော်ကို မထီမဲ့မြင် ပြုရာရောက်တယ်။ ဒါကြောင့်မို့လို့ ဓာတ်ပုံရိုက်တာကို တားမြစ်ပေးဖို့ ဆိုပြီးတော့ တရားရုံးကို လျှောက်ထားတယ်။ အဲတော့ ရုံးတော်ကနေပြီးတော့ ဘာပြောလည်းဆိုတော့ သူတို့ကို အရင်တုန်းက အဲလို ဓာတ်ပုံရိုက်တဲ့ဟာကို တရားရုံး နေ့စဉ်မှတ်တမ်းမှာလည်း ဖော်ပြထား ပြီးတော့ ရိုက်လို့မရဘူး ဆိုတာကိုတော့ တရားရုံး နေ့စဉ်မှတ်တမ်းမှာ ဖော်ပြထားတယ်။ ဒါပေမဲ့ သူတို့ကတော့ အထက်ကို တင်ပြစရာရှိလို့ ရိုက်ခွင့်ပေးပါလို့ တောင်းဆိုတဲ့ အတွက်ကြောင့်မိုလို့ သူတို့တရားဝင် ခွင့်ပြုထားခြင်းတော့ မဟုတ်ဘူးပေါ့ ဒါပေမဲ့ ရိုက်ပြီးတော့မှ အပြင်ကိုထုတ်ဖို့တော့ သူတို့မရှိတော့ဘူးပေါ့နော်။ အရင်တုန်းကလို ဓာတ်ပုံတွေ ထုတ်ပြန်တာတွေဘာတွေ အဲဒီလိုမျိုး အပြင်ကို ထုတ်တာမျိုးတွေ မလုပ်တော့ဘဲနဲ့ သူတို့အထက်ကို တင်ပြစရာရှိလို့ ရိုက်တယ်ဆိုတာမျိုး ဖြစ်တဲ့ အတွက်ကြောင့် မိုလို့ သူတို့ကိုပြောပြီးတော့ ညှိနှိုင်းဆောင်ရွက်ပေးပါ့မယ်လို့ တရားသူကြီးက ပြောပါတယ်။"

ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ အမှုတွေထဲက နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုကို ပျက်ပြားအောင် လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ) အမှုနဲ့ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ တို့အတွက် တရားလိုပြ သက်သေတွေကို ဒီနေ့ စစ်ဆေးတာ ဖြစ်ပါတယ်။

ဒါပေမဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ အတွက် ဆင့်ခေါ်ထားတဲ့ တရားလိုပြ သက်သေတွေ မလာတာကြောင့် ပုဒ်မ ၅၀၅ (ခ) တစ်မှုထဲ အတွက်ကိုပဲ တရားလိုပြသက်သေတွေကို စစ်ဆေးနိုင်ခဲ့ပါတယ်။

ဒီကနေ့မှာ ဒုတိယ ရဲမှူးကြီးတစ်ယောက်နဲ့ လ.ဝ.က ဦးစီးမှူး တစ်ယောက်တို့ကို စစ်ဆေးခဲ့ပြီး ပုဒ်မ ၅၀၅ (ခ) အမှုအတွက် တင်ပြထားတဲ့ တရားလိုပြ သက်သေတွေ အားလုံးကို စစ်ဆေးပြီးတာဖြစ်လို့ အဲဒီ တစ်မှုအတွက် နောက်ရုံးချိန်းမှာ စွဲချက်တင်သင့် မတင်သင့် နှစ်ဖက်လုံးက လျှောက်လဲချက်ပေးရမယ်လို့ ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။

"ဒီနေ့ နှစ်ဦးပြီးသွားတော့ တရားလိုပြ သက်သေတွေ ကုန်သွားပြီ။ ကုန်သွားတဲ့အခါ နောက်ရုံးချိန်းမှာ ကျတော့ ကျွန်မတို့က စွဲချက် လျှောက်လှဲချက် ပေးရတော့မှာရှင့်။ စွဲချက်လျှောက်လှဲချက် အဆင့်ကို ချိန်းတဲ့အတွက်ကြောင့်မို့လို့ ရုံးချိန်း နှစ်ပတ် ပေးလိုက်ပါတယ်။ ရုံးချိန်း နှစ်ပတ်က ၂၇ ရက် ၇ လ ဆိုပြီးတော့ ကျွန်မတို့ကို ၇ လပိုင်းကို ဒီ ၅၀၅ (ခ)နဲ့ ပတ်သက်ပြီး စွဲချက်လျှောက်လှဲချက် တင်ရမယ်လို့ ရုံးချိန်းလျှောက်လှဲချက် ပေးလိုက်ပြီးတော့မှ သဘာဝဘေးအတွက်ကတော့ တစ်ပတ်ပဲပေးတယ်။ ၂၂ ရက် ၇ လကို ချိန်းလိုက်ပါတယ်ရှင့်။ ဟိုဘက်ကရော ကျွန်မတို့ဘက်ကရော နှစ်ဖက်စလုံးရဲ့ လျှောက်လှဲချက် ပေးရမှာပါ။ သူတို့ဘက်ကတော့ စွဲချက်တင်သင့်တယ်ဆိုတဲ့ လျှောက်လဲချက်ပေးရမှာ ကျွန်မတို့ဘက် ကတော့ စွဲချက်မတင်သင့်ဘူးဆိုတဲ့ အကြောင်းလျှောက်လှဲချက် ပေးရမှာပါ။"

တရားခွင်ထဲမှာ ဓာတ်ပုံရိုက်တာ၊ အသံဖမ်းတာတွေကို တရားဝင် တားမြစ်ထားပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကို လူကိုယ်တိုင်ရုံးထုတ်တဲ့ မေလ ၂၄ ရက်နေ့က စစ်ကောင်စီက တရားခွင်ထဲမှာ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို မြဝတီရုပ်မြင်သံကြားလိုင်းကနေ ထုတ်လွှင့်ခဲ့ပါတယ်။

ဒီကနေ့ စစ်ဆေးခဲ့တဲ့ ပုဒ်မ ၅၀၅ (ခ) က NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်် နှစ်စောင်က နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်တို့ကို စွဲဆိုထားတဲ့အမှု ဖြစ်ပါတယ်။

အဲဒီ ထုတ်ပြန်ချက်တွေက နိုင်ငံ့ခေါင်းဆောင်တွေကို ဖမ်းဆီးပြီး အဆက်အသွယ် ဖြတ်ထားချိန် ဖေဖော်ဝါရီလ ၇ ရက်နေ့နဲ့ ၁၃ ရက်နေ့တွေက ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်တွေ ဖြစ်ပါတယ်။

စစ်တပ်က အာဏာသိမ်းပြီး နှစ်ပတ်အကြာ ဖေဖော်ဝါရီ ၁၆ ရက်နေ့ရောက်မှ ဒေါ်အောင်ဆန်းစုကြည်ကို အွန်လိုင်းစနစ်နဲ့ စတင်ရုံးထုတ်ခဲ့တာဖြစ်ပြီး မေလ ၂၄ ရက်နေ့မှာတော့ နေပြည်တော်ကောင်စီဝန်းထဲက အဆောက်အအုံတစ်ခုကို အထူးတရားရုံးအဖြစ် ပြောင်းလဲကာ လူကိုယ်တိုင် ရုံးထုတ်ခဲ့ပြီး ရုံးချိန်း တစ်ပတ်ကို တနင်္လာနဲ့ အင်္ဂါ နှစ်ရက်အချိန်ယူပြီး ရုံးထုတ်စစ်ဆေးနေတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် နောက်တိုးအရေးယူခဲ့တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ (၅၅) နဲ့ စွဲဆိုထားတဲ့ အမှုကို မန္တလေးတိုင်းတရားရုံးက ကိုင်တွယ်စစ်ဆေးမှာဖြစ်ပြီး လာမယ့် ဇူလိုင်လ ၂၂ ရက်နေ့ကို ပထဆုံးအကြိမ် ရုံးချိန်းအဖြစ် ချိန်းဆိုထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ အမှုတွေထဲမှာ ပို့ကုန်/သွင်းကုန် ဥပဒေ ပုဒ်မ (၈) အတွက် အမြင့်ဆုံး ထောင်ဒဏ် သုံးနှစ်၊ ဆက်သွယ်ရေးပုဒ်မ (၆၇)အတွက် အမြင့်ဆုံး ထောင်ဒဏ် တစ်နှစ်၊ ပုဒ်မ ၅၀၅ (ခ) အတွက် အမြင့်ဆုံးထောင်ဒဏ် နှစ်နှစ်၊ မြန်မာနိုင်ငံအစိုးရ လျှိ့ဝှက်အက် ဥပဒေ ပုဒ်မ ၃-၁ (က) အတွက် အမြင့်ဆုံးထောင်ဒဏ် ၁၄ နှစ်၊ သဘာ၀ ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ (၂၅) အတွက် အမြင့်ဆုံး ထောင်ဒဏ်က သုံးနှစ်၊ အဂတိလိုက်စားမှု ပုဒ်မ (၅၅)အတွက် အမြင့်ဆုံး ထောင်ဒဏ် ၁၅ နှစ် ချမှတ် နိုင်တဲ့အတွက် အမှုအားလုံးကိုသာ စစ်ကောင်စီက အမြင့်ဆုံး ပြစ်ဒဏ်ပေးခဲ့ရင် စုစုပေါင်း ထောင်ဒဏ်အနှစ် ၄၀ ကျော်ကျခံရမှာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။