ဗြိတိန်ဝန်ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည် ဒုက္ခသည်အရေး ဆွေးနွေးမည်


2018-02-10
Share
boris-johnson-622 ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာစခန်းတွေကို ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁ဝ ရက်နေ့က သွားရောက်ကြည့်ရှုခဲ့တဲ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Boris Johnson ဘောရစ် ဂျွန်ဆင် (ကုတ်အင်္ကျီအနက်)ဝတ်ဆင်ထားသူကို တွေ့ရစဉ်
Photo: UNHCR in Bangladesh

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Boris Johnson ဘောရစ် ဂျွန်ဆင်က မြန်မာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်နဲ့ ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံတဲ့အခါ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ခေါ်ရေးနဲ့ ဖမ်းဆီးခံ ရိုက်တာ သတင်းထောက် ၂ ဦး လွှတ်ပေးရေးကိစ္စတွေကို ဆွေးနွေးမယ်လို့ ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာမွတ်စလင်စခန်းတွေကို မနေ့က သွားရောက်ကြည့်ရှုခဲ့တဲ့ ဗြိတိန်ဝန်ကြီးက ဒုက္ခသည်တွေအနေနဲ့ ရခိုင်ပြည်နယ်က သူတို့မူလနေထိုင်ခဲ့တဲ့ဒေသတွေကို လုံခြုံစိတ်ချစွာနဲ့ သိက္ခာရှိစွာ ပြန် လည်သွားရောက် နေထိုင်ခွင့်ရဖို့လိုကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်မှာ ဖြစ်ပွာခဲ့တာတွေဟာ လူမျိုးတုံးသတ်ဖြတ်မှုဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်။ အဲဒီဒေသမှာ ဘာတွေဖြစ်ခဲ့သလဲ ဒါအတွက် ဘယ်သူတွေမှာ တာဝန်ရှိသလဲဆိုတာ မြန်မာပြည်သူတွေရော ကမ္ဘာကပါ သိရှိသင့်ပါတယ်။ ဖြစ်ပွားခဲ့တာတွေကို အမှန်ပကတိအတိုင်း အသေအချာ သိရှိနိုင်ရေး အတွက် နိုင်ငံတကာ စစ်ဆေးကြည့်ရှုသူတွေကို မြန်မာအစိုးရက ခွင့်ပြုသင့်ပါတယ်လို့လည်း သူက ပြောပါတယ်။

ဒီအတောအတွင်း ဥရောပ လွှတ်တော်အမတ်တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာစခန်းတွေနဲ့ မြန်မာပြည်ကို သွားရောက်မယ်လို့ သတင်းရပါတယ်။ အမတ် စုစုပေါင်း ၁၁ ဦး ပါဝင်မယ့် ကိုယ်စားလှယ်အဖွဲ့ ၄ ဖွဲ့ဟာ တနင်္လာနေ့ မှာ ကော့ဇ်ဘဇားဒေသက စခန်းတွေကို သွားရောက်ကြည့်ရှုမှာဖြစ်ပြီး အဲဒီအဖွဲ့တွေထဲက အမတ်တချို့ကတော့ မြန်မာပြည်ကို ဆက်လက်သွားရောက်မှာ ဖြစ်ပါတယ်။  ဥရောပကောင်စီအနေနဲ့  ဒီလအတွင်း မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်သစ်တခုကို ချမှတ်ဖို့ရှိပြီး အဲဒီ ဆုံးဖြတ်ချက်မှာ မြန်မာအစိုးရအပေါ် ပိုမိုဖိအားပေးမယ့် အချက်တွေ ပါဝင်နိုင်ပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက ချမှတ်ခဲ့တဲ့ ဥရောပကောင်စီ ဆုံးဖြတ်ချက်မှာ မြန်မာပြည်ရဲ့ လူ့အခွင့်အရေးအခြေအနေတွေ မတိုးတက်ဘူးဆိုရင် ပိုမိုပြင်းထန်တဲ့ အရေးယူမှုတွေ ချမှတ်ရန်စဉ်းစားမယ်ဆိုတဲ့ အချက်ပါဝင်ပါတယ်။ ဒါပေမဲ့ အဲဒီတိုးချဲ့အရေးယူတဲ့အခါ လက်နက်ရောင်းချမှုကို ပိတ်ပင်မှာလား၊ စစ်တပ်နဲ့ အစိုးရအဖွဲ့ဝင်တွေကို ကန့်သတ်ပိတ်ပင်မှာလား ဆိုတာတွေတော့ မသိရသေးပါဘူး။

ဥရောပကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာပြည်ကို ရောက်ရှိစဉ်အတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသကို သွားရောက်မှာဖြစ်သလို လူမှုရေးအဖွဲ့တွေ ဘာသာရေးနဲ့ နိုင်ငံရေးအဖွဲ့အစည်း ခေါင်းဆောင်တွေ နဲ့လည်း တွေ့ဆုံမယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့