ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံကို အင်္ဂလိပ်လို ပြောဆိုရာမှာ Burma လို့သုံးနှုန်းခဲ့တာဟာ အလေ့အကျင့်လို ဖြစ်နေတဲ့အတွက် သုံးစွဲခဲ့တာဖြစ်ကြောင်း၊ နောင်မှာ Myanmar လို့ သင့်တော်သလို သုံးနှုန်းသွားမယ်လို့ ပြောလိုက်ပါတယ်။
နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနမှာ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတကာ သံတမန်တွေနဲ့ ဒီကနေ့ တွေ့ဆုံစဉ်မှာ ထည့်သွင်းပြောခဲ့တာ ဖြစ်ပါတယ်။
"ကျွန်မအနေနဲ့ Burma လို့ မကြာခဏ သုံးစွဲခဲ့ပါတယ်၊ အဲ့ဒါဟာ အလေ့အကျင့်လို ဖြစ်နေလို့ပါ၊ အဲ့ဒီလို သုံးစွဲလို့ ကျန်တဲ့သူတွေလည်းအလားတူ သုံးစွဲရမယ်လို့ မပြောလိုပါဘူး၊ နောင်မှာ အလျဉ်းသင့်သလို Myanmar လို့ သုံးစွဲသွားမှာ ဖြစ်ပါတယ်၊ ဒါမှလည်း သံတမန်တွေအနေနဲ့ သက်တောင့်သက်သာဖြစ် မယ်ဆိုတာ နားလည်ပါတယ်၊ သံတမန်တွေ အနေနဲ့ Burma ဒါမှမဟုတ် Myanmar ကြိုက်သလို သုံးနှုန်းနိုင်ပါတယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဘယ်လိုသုံးစွဲရမယ်ဆိုတာ ပြဌာန်းထားတာ မရှိပါဘူး" လို့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတကာခရီးစဉ်တွေနဲ့ နိုင်ငံတကာ မီဒီယာတွေနဲ့ တွေ့ဆုံမေးမြန်းချက်တွေ အားလုံးမှာ မြန်မာနိုင်ငံကို Burma လို့ သုံးနှုန်းခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒဟာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရခဲ့အချိန်ကတည်းက ဘက်မလိုက် ကြားနေနိုင်ငံအဖြစ် ရပ်တည်ခဲ့တာဖြစ်ကြောင်းနဲ့ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှနဲ့ တောင်အာရှ ဆုံမှတ်မှာ တည်ရှိတာကြောင့် ပထဝီနိုင်ငံရေးအရ အချက်အခြာကျသလို တပြိုင်နက်တည်းမှာလည်း စိန်ခေါ်မှုတွေ များကြောင်းလည်း ပြောပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံကို အင်အားကြီးမားတဲ့နိုင်ငံဖြစ်အောင် တည်ဆောက်မှာဖြစ်ပြီး အဲ့ဒီလိုဖြစ်ဖို့ အတွက် မြန်မာနိုင်ငံသားတွေကို အခြေပြု အားထားသွားမှာဖြစ်ကြောင်းလည်း ပြောပါတယ်။
