ဒေါ်အောင်ဆန်းစုကြည်က ပါတီအားလုံးကို ကျေးဇူး တင်ကြောင်းပြော

2016-02-03
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဖေဖော်ဝါရီလ ၃ ရက်နေ့က နေပြည်တော်မှာ သတင်းထောက်တွေ နဲ့ တွေ့ဆုံစဉ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဖေဖော်ဝါရီလ ၃ ရက်နေ့က နေပြည်တော်မှာ သတင်းထောက်တွေ နဲ့ တွေ့ဆုံစဉ်
Photo: Myo Thant Khaing/ RFA

ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ဥက္ကဌနဲ့ ဒုတိယဥက္ကဌတွေကို ရွေးချယ်ရာမှာ ချောချောမောမော ဖြစ်ခဲ့တဲ့ အတွက် နိုင်ငံရေးပါတီအားလုံး ကို ကျေးဇူးအထူးတင်ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒီကနေ့ နေပြည်တော်က တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီရုံးခန်းမှာ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည် က ပြောတာဖြစ်ပါတယ်။

"ပြည်သူ့ထဲမှာရော၊ အမျိုးသားမှာရော၊ ဘယ်သူကမှလေ့လာဖို့မကန့်ကွက်ဘူး၊ ဘယ်သူကမှလည်းအပြစ်မတင်ဘူး၊ အန်တီအများကြီးကျေးဇူးတင်တယ်၊ တခြားပါတီ၊ တပ်မတော်သားကိုယ်စားလှယ်တွေကိုလည်း ကျေးဇူးတင်တယ်၊ အန်တီတို့က အများစုဖြစ်တယ်ဆိုပေမယ့်လည်း ပြိုင်ပြီးတော့ တင်ချင်ရင်တင်လို့ရတာပဲ၊ နိုင်တာ၊ မနိုင်တာကိုပြောတာမဟုတ်ဘူးနော်၊ တနည်းအားဖြင့် အဖွဲ့ချုပ်ကနေအဆိုပြုတဲ့သူတွေကို ကန့်ကွက်တဲ့သဘောနဲ့ ပြိုင်ပြီးတော့ တင်ချင်ရင်တင်လို့ရတာပဲ၊ ဒါပေမယ့် ဒီလိုမလုပ်ပဲနဲ့ အားလုံးပူးပေါင်းဆောင်ရွက်တဲ့အတွက် အန်တီအရမ်းဝမ်းသာတယ်၊ ကျေးဇူးလည်းတင်တယ်၊ တခြားပါတီတွေရော၊ တပ်မတော်သားကိုယ်စားလှယ်တွေကိုရော၊ အန်တီတို့ရဲ့ပြည်သူ၊ ပြည်သားတွေကလည်း ဒါကိုစိတ်ချမ်းသာမယ်လို့ အန်တီထင်တယ်"

dassk-media-b-620.jpg

ဒီကနေ့ အမျိုးသားလွှတ်တော် ဥက္ကဌ အဖြစ် မန်းဝင်းခိုင်သန်း နဲ့ ဒုတိယဥက္ကဌ အဖြစ် ဦးအေးသာအောင်တို့ကို ရွေးချယ်တင်မြှောက်လိုက်တာ ဖြစ်ပါတယ်။

လွှတ်တော်မှာ သတင်းယူတဲ့ သတင်းမီဒီယာတွေ အဆင်ပြေချောမွေ့စေဖို့ကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ လက်ရှိမှာ လွှတ်တော်အစည်းအဝေးတွေကို အစည်းအဝေး ခန်းမတွင်းမှာ ရိုက်ကူးခွင့်မရှိဘဲ အဆောင်အပြင်မှာရှိတဲ့ တီဗီမှန်သားပြင်ကိုပဲ ရိုက်ယူရတာဖြစ်ပါတယ်။

လွှတ်တော် သတင်းယူတာနဲ့ပတ်သက်ပြီး အန်အယ်လ်ဒီက တာဝန်ရှိသူ ၊ လွှတ်တော်က တာဝန်ရှိသူတွေအပြင် သတင်းမီဒီယာတွေက တစ်ချို့နဲ့ နောက်ထပ်တွေ့ဆုံဆွေးနွေးမယ်ဖို့ သဘောတူကြပါတယ်။

နိုင်ငံတော်သမ္မတတာဝန်ယူဖို့ နဲ့ပတ်သက်ပြီး မေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည်က မတ်လ အထိအချိန်ပေးထားတာကြောင့် သိပ်အမောမခံကြဖို့ နဲ့ အချိန်တန်ရင်သိရမှာဖြစ်ကြောင်း ပြောပါတယ်။

ကွန်မင့်များ (1)
Share

ကျေးဇူးတင်ပါတယ်ရှင်..

နရေပျ- ကျေးဇူးတင်ပါတယ်ရှင်..

ပွဲဦး အထွက်ကောင်းသလို ပြည်ထောင်စုကြီးအတွက် ဝိုင်းဝန်း ပေါင်းစည်း ညီညွတ်နိုင်ကြပါစေ။

Feb 03, 2016 10:09 PM

ဆိုက်တခုလုံးသို့