ပဲခူး ရေဘေးဒုက္ခသည်များ ကို ဒေါ်အောင်ဆန်းစုကြည် တွေ့ ဆုံ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ပဲခူးမြို့ မိုးလုံလေလုံအားကစားကွင်းမှာ ရေဘေးဒုက္ခသည်တွေကို ဒီနေ့ သွားရောက်တွေ့ဆုံပြီး ဆန်၊ ရေသန့်ဗူးနဲ့ ဆေးဝါးတွေကို လှူဒါန်းခဲ့ပါတယ်။

မြို့သစ်ရပ်ကွက်မှာရှိတဲ့ မိုးလုံလေလုံ အားကစားကွင်းမှာ ဒုက္ခသည်တွေနဲ့ တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည် က ရေဘေးဒုက္ခသည်တွေကို ကျန်းမာရေးဂရုစိုက်ကြဖို့လည်း ပြောကြားသွားပါတယ်။

ပဲခူးမြို့မှာ ရေဘေးဒုက္ခသည်စခန်း ငါးခုဖွင့်လှစ်ထားပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ မိုးလုံလေလုံ အားကစားကွင်း ရေဘေးကယ်ဆယ်ရေး စခန်းမှာရှိတဲ့ ရပ်ကွက် နှစ်ခုက ရေဘေးဒုက္ခသည် ၁၆၀၀ ကျော်နဲ့ တွေ့ဆုံခဲ့ပါတယ်။

ဒုက္ခသည်တွေက သူတို့ကိုနေအိမ်တွေပြန်ဖို့ အုပ်ချုပ်ရေးအဖွဲ့က မနေ့က ဖိအားပေးတာတွေ ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်ကို ပြောကြားရာ ဒေါ်အောင်ဆန်းစုကြည်က လူနေထိုင်လို့ ရ၊ မရကို သွားရောက်ကြည့်ရှုပြီး အုပ်ချုပ်ရေးနဲ့ ညှိနှိုင်းပေးမယ်လို့ ပြောခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ရေနစ်မြုပ်နေတဲ့ ပဲခူးမြို့ ဇိုင်းဂနိုင်း တောင်ပိုင်းရပ်ကွက်က အောင်ဇေယျာ စာသင်တိုက်ကို သွားရောက်ပြီး သံဃာတော် ၇ ပါးကို ဝါဆိုသင်္ကန်း ကပ်လှူခဲ့ပါတယ်။

ပဲခူးတိုင်းဒေသကြီးမှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၈-ရက်နေ့ကစပြီး ရေကြီးရေလျှံနေတာကြောင့် ဒေသခံတွေဟာ ကယ်ဆယ်ရေးစခန်းတွေမှာ ပြောင်းရွေ့နေထိုင်နေရတာဖြစ်ပါတယ်။