အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့မနက်ပိုင်းက စင်္ကာပူဝန်ကြီးချုပ် Lee Hsien Long နဲ့ တွေ့ဆုံဆွေးနွေးခဲ့သလို၊ စင်္ကာပူလွှတ်တော်ကို သွားရောက်ပြီး လွှတ်တော် ဥက္ကဌ ဟာလီမာ ယာကော့ (HaliamahYacob)၊ စင်္ကာပူသမ္မတ ဒေါက်တာ တိုနီတန်ခန်ယမ်း (Tony Tan Keng Yam)၊ စင်္ကာပူ ဂုဏ်ထူးဆောင်ဝန်ကြီး ဂိုချောက်ထောင်တို့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
၂၀၁၄ ခုနှစ် မြန်မာနိုင်ငံက အာဆီယံ အလှည့်ကျ ဥက္ကဌအဖြစ် တာဝန်ယူရတဲ့အခါ စင်္ကာပူအနေနဲ့ လိုအပ်သမျှ အကူအညီတွေပေးမယ်လို့ စင်္ကာပူဝန်ကြီးချုပ် Lee Hsien Long ကပြောကြားခဲ့ပါတယ်။ ဒါ့ပြင် စင်္ကာပူပညာရေးဝန်ကြီးဌာနက စင်္ကာပူပညာရေးစနစ်အကြောင်း၊ အကျင့်ပျက်ခြစားမှု စုံစမ်းစစ်ဆေးရေးဗျူရိုက အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးလုပ်ငန်းအကြောင်း ဒေါ်အောင်ဆန်းစုကြည်ကို ရှင်းလင်းတင်ပြခဲ့ကြပါတယ်။
ဒါ့ပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ အရှေ့ပိုင်းနည်းပညာကောလိပ်ကိုလည်း သွားရောက်ကြည့်ရှုခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိမှာဖြစ်ပါတယ်။ ဒီအတွင်း ပြည်ပမှာ ခိုလံှုနေရတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ စင်္ကာပူ Formula one ကားပြိုင်ပွဲမှာ တနင်္ဂနွေနေ့က မမျှော်လင့်ဘဲ တွေ့ဆုံခဲ့ရတယ်လို့ ပြောဆိုကြောင်း ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြပါတယ်။
သူဟာ စီးပွားရေးကိစ္စအပြင် သမီးနှစ်ယောက်နဲ့ သားမက်ဖြစ်သူတွေကို တွေ့ဆုံဖို့ စင်္ကာပူကိုရောက်ရှိနေစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ရတာဖြစ်တယ်လို့ သူ့ရဲ့ Instagram စာမျက်နှာမှာ ဖော်ပြထားတယ်လို့ ဘန်ကောက်ပို့စ် သတင်းစာက ဆိုပါတယ်။