မြန်မာနိုင်ငံဟာ လွတ်လပ်ရေး ရခဲ့တာ အနှစ် ၇၀ နီးပါး ရှိပြီဖြစ်ပေမယ့် ပြည်တွင်းငြိမ်းချမ်းရေး မရှိသေးတဲ့ ဒဏ်တွေကို ပြည်သူတွေအနေနဲ့ ခံစားနေရ တာကြောင့် အကြမ်းမဖက်တဲ့ နိုင်ငံရေးယဉ်ကျေးမှု တစ်ခု ဖြစ်ပေါ်လာဖို့ အားလုံးကြိုးစားသွားဖို့လိုတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က ပြောပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့မှာ ဒီနေ့ပြုလုပ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သက်ပြီး လူထုတွေ့ဆုံဟောပြောပွဲ မှာ အခုလို ပြောခဲ့တာပါ။
ဒါ့အပြင် အားလုံးကလက်ခံနိုင်တဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတစ်ခု ပေါ်လာဖို့အတွက် အချိန်ယူရအုံး မှာဖြစ်ပေမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာပါဝင်တဲ့ အဆိုးဆုံးအချက်တွေကို ပြင်ဆင်နိုင်ရင် စစ်မှန်တဲ့ ဒီမိုကရေစီပြည်ထောင်စုကို ရောက်နိုင်မယ့်လမ်းပေါ်မှာ လျှောက်နိုင်မယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည် က ပြောခဲ့ပါတယ်။
ဒီနေ့ပြုလုပ်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေရေးရော ဟောပြောပွဲအတွက် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့မှာ အဝေရာမီးပုံပျံကွင်းမှာ လုပ်ဖို့တောင်းဆိုခဲ့ပေမယ့် ရှမ်းပြည်နယ်အစိုးရက အဲဒီ မီးပုံးပျံကွင်းဟာ တပ်မတော် ပိုင်ကွင်းဖြစ်တာကြောင့် ခွင့်မပြုခဲ့ပါဘူး။ ဒါကြောင့် ဟောပြောပွဲကို အဲဒီ မီးပုံပျံကွင်းအနီးမှာပဲ ပွဲစင်မြင့်ပြုလုပ်ပြီး ဟောပြောခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းကောက်နှုတ်ချက်တစ်ချို့ကို RFA သတင်းထောက် ကိုကျော်ထွန်းနိုင် တင်ပြထားပါတယ်။