ရခိုင်ပြဿနာ ဖြေရှင်းရေး ရေရှည်ကြည့်ရမယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား

2018-10-06
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို ၂၀၁၈၊ အောက်တိုဘာ ၆ ရက်နေ့က တွေ့ရစဉ်
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို ၂၀၁၈၊ အောက်တိုဘာ ၆ ရက်နေ့က တွေ့ရစဉ်
Photo: Myanmar State Counsellor Office

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ် ပြဿနာကို အလျင်စလို ဖြေရှင်းဖို့ မဖြစ်နိုင်ကြောင်း မနေ့က ပြောကြားလိုက်ပါတယ်။ မဲခေါင် - ဂျပန်ထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့အတွက် ဂျပန်နိုင်ငံ တိုကျိုမြို့ကို ရောက်ရှိနေစဉ်အတွင်း NHK သတင်းဌာနနဲ့ သီးသန့်မေးမြန်းခန်းမှာ သူက အခုလို ပြောကြားလိုက်တာပါ။

"ရခိုင်ပြည်နယ် တစ်ခုတည်းရဲ့ အခြေအနေကိုတောင် အသေအချာ နားမလည်တဲ့သူတွေ အများကြီးရှိပါတယ်။ သူတို့က မြန်မာပြည်ရဲ့ အခြေအနေတွေကို သေသေချာချာမသိဘဲနဲ့ ချက်ခြင်းပြုပြင်ပြီး ချက်ချင်း အကျိုးရလဒ်တွေ ရရှိအောင်ဆောင်ရွက်ဖို့ ပြောနေကြပါတယ်။ ကျမတို့အနေနဲ့ အရာအားလုံးကို ချက်ခြင်းပြုပြင်ဖို့ မဖြစ်နိုင် ပါဘူး။ ဘာကြောင့်လဲဆိုတော့ ရေရှည်မှာ ပေါ်ပေါက်လာနိုင်မယ့် အကျိုးဆက်တွေကို သတိထားရမှာ ဖြစ်လို့ပါပဲ" လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

အဲဒီ တွေ့ဆုံမေးမြန်းခန်းမှာ ဒေါ်အောင်ဆန်းစုကြည်က သူ့ကို ချီးမြှင့်ထားတဲ့ ဆုတွေကို နိုင်ငံတချို့ အဖွဲ့အစည်း တချို့က ပြန်လည် ရုပ်သိမ်းခဲ့တဲ့ ကိစ္စနဲ့ပတ်သက်လို့တော့ အံသြစရာ မရှိကြောင်း ပြောပါတယ်။

"ဆုလာဘ်တွေ ဂုဏ်ထူးဆောင်ဘွဲ့တွေကို ကျမ သိပ်ဂရုမစိုက်ပါဘူး။ ကျမ တစ်ခု စိတ်မကောင်းဖြစ်မိတာကတော့ မိတ်ဆွေတွေအနေနဲ့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ခိုင်မြဲခြင်းမရှိတဲ့ အချက်ပါပဲ။  ကျမ အမြင်က မိတ်ဆွေအချင်းချင်း ချစ်ခင်မှုဆိုတာဟာ နားလည်မှုကို အခြေခံတယ်၊ တစ်ဖက်သတ် ဆုံးဖြတ်တာမျိုးမဟုတ်ဘဲ တစ်ဖက်သားကို နားလည်အောင် ကြိုးစားတာမျိုးလို့ ယူဆတယ်" ဆိုပြီး ပြောကြားရင်း "အခု ဆုတွေ ဝင်လာတယ်၊ နောက် အဲဒီဆုတွေ ပြန်ထွက်သွားတယ်လေ" ဆိုပြီး လောကဓမ္မတာ တစ်ခုအဖြစ် ပြောကြားပါတယ်။

ရိုက်တာ သတင်းထောက် ၂ ဦးကို အစိုးရ လျှို့ဝှက်ချက် ဥပဒေနဲ့ ထောင်ဒဏ် အပြစ်ပေးခဲ့တဲ့ကိစ္စနဲ့ ပတ်သက်လို့ မေးမြန်းရာမှာတော့ မိမိတို့အနေနဲ့ ဒီကိစ္စဟာ လွတ်လပ်စွာ ဆန္ဒသဘောထား ထုတ်ဖေါ်ခွင့်နဲ့ ဆိုင်သလား၊ တရားဥပဒေအရ လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်တာလားဆိုတာ ကြည့်ရပါလိမ့်မယ်။ တရားဥပဒေအရ သူတို့အနေနဲ့ တရားရုံးရဲ့ စီရင်ချက်ကို ကန့်ကွက်ခွင့် အပြည့်အဝ ရှိပါတယ်။ အယူခံခွင့်လည်း ရှိတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံနဲ့ တခြားနိုင်ငံတွေအကြား တင်းမာမှုတွေ ပေါ်ပေါက်နေချိန်မှာ ဂျပန်နိုင်ငံကို ဒေါ်အောင်ဆန်းစုကြည် က ကျေးဇူးတင်စကား ပြောကြားခဲ့ပါတယ်။

"ကျမတို့ နိုင်ငံကို နားလည်မှုပေးတဲ့အတွက် အင်မတန် ချီးကျူးပါတယ်။ နားလည်မှုဆိုတာ တကယ်လက်တွေ့ ပေးတဲ့ အကူအညီတွေထက် ပိုပြီးအရေးကြီးပါတယ်။ ကူညီရိုင်းပင်းမှုဆိုတာ အခြေအနေတွေကို အသေအချာ နားလည်ခြင်းကနေ ပေါက်ဖွားလာတာဖြစ်ပါတယ်" လို့ ပြောကြားရင်း တစ်ဆက်တည်းမှာပဲ ဒေါ်အောင်ဆန်း စုကြည် က  ဂျပန်နိုင်ငံရဲ့ ထောက်ခံအားပေးမှုတွေဟာ မြန်မာနဲ့ နိုင်ငံတကာအကြား ကွာဟနေတဲ့ နားလည်မှုကို ပြည်လည်ရရှိရေးအတွက် ပံ့ပိုးကူညီရာ ကျလိမ့်မယ်လို့ မျှော်လင့်ပါကြောင်း ပြောကြားသွားပါတယ်။

ဂျပန်နိုင်ငံကို ၆ ရက်ကြာ ရောက်ရှိနေစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည် ဟာ ဂျပန် ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံမှာဖြစ်ပြီး ဂျပန်နိုင်ငံက အကူအညီ အမြောက်အမြား ထပ်မံ ပေးအပ်လိမ့်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ကွန်မင့်များ (2)
Share

အမည်မဖော်လိုသူ

ရင်ထဲမှအမှန်တရားလက်ကိုင်ထား၍ထောက်ခံပါသည်အမေ

Oct 07, 2018 10:49 PM

အမည်မဖော်လိုသူ

You are a wonderful woman! You have already defeated the world with such profound wisdom and intelligent. One day they will be ashamed for what they have done to you and how they put you down by withdrawing the awards. God bless you with good health and wisdom to liberate Burma! We love you Amay Suu!

Oct 07, 2018 02:22 PM

ဆိုက်တခုလုံးသို့