၂၀၂၀ ရွေးကောက်ပွဲအတွက် အပြစ်မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီး ဦးမင်းသူတို့ စွပ်စွဲခံထားရတဲ့ ရွေးကောက်ပွဲ မသမာမှုနဲ့ ပတ်သက်လို့ သူတို့မှာအပြစ် မရှိကြောင်း ဇူလိုင်လ ၁၅ ရက် ဒီနေ့ရုံးချိန်းမှာ ဒေါ်အောင်ဆန်းစုကြည် ထွက်ဆိုခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဒီအမှုဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲကော်မရှင် (UEC) အပေါ် မလျော်သြဇာ သုံးတယ်ဆိုတဲ့ စွပ်စွဲချက်ဖြစ်တဲ့ ရာဇသတ်ကြီးဥပဒေပုဒ်မ-၁၃၀-က နဲ့ စွဲဆိုခံထားရတဲ့အမှု ဖြစ်ပါတယ်။ ဒီအမှုကို စစ်ကောင်စီရဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူး ဦးအောင်မျိုးလွင်က တရားလိုပြုလုပ် စွဲဆိုထားတာပါ။

ဒေါ်အောင်ဆန်းစုကြည်က သူ့မှာအပြစ်မရှိကြောင်းနဲ့ မဲစာရင်းတွေ ပြုစုတဲ့နေရာမှာလည်း မလျော်သြဇာ အသုံးပြုမှုတွေ မရှိကြောင်း ထွက်ဆိုခဲ့တယ်လို့ ပြောပါတယ်။

အမှုနဲ့ ပတ်သက်လို့ နောက်တစ်ပတ်ရုံးချိန်း ဇူလိုင်လ ၂၂ ရက်နေ့မှာ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီး ဦးမင်းသူက လူကိုယ်တိုင်ထွက်ဆိုဖို့ ရှိနေပါတယ်။

အခု စွဲဆိုခံထားရတဲ့ ရာဇသတ်ကြီးဥပဒေပုဒ်မ-၁၃၀-က ဟာ ငွေဒဏ်အပြင် အမြင့်ဆုံး ထောင်ဒဏ် သုံးနှစ်အထိ ချမှတ်နိုင်တဲ့ပုဒ်မ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲဟာ အားနည်းချက် အနည်းငယ်ရှိပေမယ့် တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်တယ်လို့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့တွေက ၂၀၂၀ ရွေးကောက်ပွဲအပြီးမှာ ထုတ်ပြန်ပြောဆိုထားကြတာ ပါ။

အသက် ၇၇ နှစ် ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်နေ့ကတည်းက နေပြည်တော် အချုပ်ထောင်ထဲက သီးသန့်ဆောင်တစ်ခုကို ပြောင်းရွှေ့ခံထားရပြီး ကျန်နေတဲ့ အမှုတွေကိုလည်း အချုပ်ထောင်တွင်း တရားရုံးမှာပဲ ဆက်လက်တရားရင်ဆိုင်နေရတာပါ။

စစ်တပ်က အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ဟာ အမှုပေါင်း ၁၉ ခုနဲ့ တရားစွဲဆိုခံထားရပြီး လက်ရှိမှာ အမှုခြောက်မှုအတွက် ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံ ထားရပါတယ်။